နိုင်ငံရေး

ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးလောင်း ဦးတင်ထူးအောင် နဲ့ လေဘာပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူရ တို့ကို ကိုယ်စားလှယ်လောင်း စာရင်း ကနေ ပယ်ဖျက်

ဒီဇင်ဘာ ၁၀ – ၂၀၂၅

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာပြိုင်မယ့် ဦးတင်ထူးအောင်နဲ့ လေဘာပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကိုယ်စားလှယ်လောင်း စာရင်း ကနေ ပယ်ဖျက် လိုက်တယ်လို့ သိရပါတယ်။

ဦးတင်ထူးအောင်ဟာ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) စနစ်နဲ့ တသီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင် မယ့်သူ ဖြစ်ပြီး ဦးကျော်သူရ ကတော့ ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော် အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတဲ့ အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကနေ ပယ်ဖျက်ခြင်း ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပြီး ဒါနဲ့ပတ်သက်လို့ UEC က ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းလောက်က အကြောင်းကြားစာ ပေးပို့ ခဲ့တာလို့ ဆိုပါတယ်။

ပုဒ်မ ၁၀(ဎ) ဆိုတာဟာ တည်ဆဲဥပဒေ တရပ်ရပ် အရ မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန် တယ်လို့ နိုင်ငံတော်က သတ်မှတ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေ (ဒါမှမဟုတ်) အဲဒီ အဖွဲ့အစည်းဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထား ရှိသူကို ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ ဆိုပြီး ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ လေဘာပါတီဝင် တယောက်က “ဦးကျော်သူရကို UEC က ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်လိုက်တာ ဟုတ်ပါတယ်။ အဓိက ကတော့ ကိုယ်စားလှယ်လောင်း စိစစ်ချက်အရ၊ လိုအပ်ချက်အရ ပယ်တယ် ဆိုပြီးတော့ အဲဒီလိုမျိုး သူတို့ (UEC) ရေးထားတယ်။ ဥပဒေ ပုဒ်မ ၁၀ (ဎ) အရပါ။ ကျွန်တော် သိထားသလောက်တော့ အဲဒီလောက်ပါပဲ။ ဒါနဲ့ ပတ်သက်လို့ ပါတီ အနေနဲ့ကတော့ ဥပဒေအတိုင်း လိုက်နာသွားဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။

ဦးကျော်သူရအနေနဲ့ UEC ရဲ့ အကြောင်းကြားစာ ရရှိပြီးတဲ့နောက်မှာပဲ လေဘာပါတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ထားတယ်လို့လည်း သူက ပြောပါတယ်။

“သူ့သဘောနဲ့သူ နုတ်ထွက်စာ တင်ပြီးတော့ ကျွန်တော်တို့ ပါတီဘက်ကလည်း သူ့ကို ထုတ်ပယ်လိုက်တာပါ။ သူ့အနေနဲ့ မတရားအသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ခြင်း ရှိ၊ မရှိ ဆိုတာကတော့ ဌာနဆိုင်ရာ စိစစ်ချက်အရ သူတို့ပဲ သိမှာ ပေါ့လေ။ အရင်က ကျွန်တော်တို့ဆီမှာ အဲဒီလိုတော့ မရှိတော့မရှိဘူး။ ကြားတော့ မကြားဖူးပါဘူး။ နောက်မှ ဒါတွေက အွန်လိုင်းကနေ တွေ့လာတော့ ဒီဖြစ်စဥ်တွေ ပေါ်ပေါက်လာတာပေါ့” လို့ သူက ပြောပါတယ်။

ဦးကျော်သူရ အပြင် ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ခံထားရတဲ့ ဦးတင်ထူးအောင် ကတော့ ရခိုင်အမျိုးသားကွန်ရက် ဦးဆောင်သူတယောက်ဖြစ်ပြီး ရခိုင် လူထုကြား ကယ်ဆယ်ရေး၊ ဘ၀လုံခြုံမှုနဲ့ တရားမျှတရေးအတွက် များစွာ ဆောင်ရွက်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဦးတင်ထူးအောင်က ၎င်းအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ရတာဟာ ရခိုင်လူမျိုးတွေရဲ့ ဘဝလုံခြုံမှုနဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။

ဦးတင်ထူးအောင်ကို ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ UEC က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို စာပေးပို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးတင်ထူးအောင်အနေနဲ့ ရန်ကုန်တိုင်းလွှတ်တော် ရခိုင်တိုင်းရင်းသား လူမျိုးများ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီးမှ အခုလို ပယ်ဖျက်ခံလိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုး ပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ခုနစ်ယောက် ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဦးတင်ထူးအောင် မပါဝင်တော့တာကြောင့် ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား ဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်မယ့်သူ ခြောက်ယောက်သာ ကျန်ရှိ တော့မှာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင် ကျင်းပမှာဖြစ်ပြီး လွှတ်တော်အလိုက် မဲဆန္ဒနယ် အသီးသီးအတွက် အမည်စာရင်း တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၅၀၂၃ ယောက် ရှိတယ်လို့ သိရပါတယ်။

အဲဒီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲက ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့ ကိုယ်စားလှယ်လောင်း ၈၆ ယောက်ကို စာရင်းကနေ ပယ်ဖျက်ထားတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

ပယ်ဖျက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းမှာ ပြည်သူ့ရှေ့ ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်လည်း ပါဝင်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က UEC က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *