နိုင်ငံရေး

စစ်အာဏာရှင်အဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်တွေ အပေါ် စိုးရိမ်ကြောင်း ရန်ကုန် သြစတြေးလျသံရုံး ထုတ်ပြန်

ဒီဇင်ဘာ ၁၀ – ၂၀၂၅

ထုတ်ပြန်ချက်အပြည့်အစုံ

———————

သြစတြေးလျအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာသတင်းထုတ်ပြန်ချက်

သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားလျက် ရှိသည့် နိုင်ငံရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းနှင့်ပက်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိပါသည်။

မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်း၏ လူ့အခွင့်အရေး အလွဲသုံးစား ပြုမှုများနှင့် ချိုးဖောက်မှုများကျယ်ကျယ် ပြန့်ပြန့် လုပ်‌ဆောင် နေခြင်းအား မိမိတို့ရှုတ်ချပြီး ၄င်း၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သား ပြည်သူများကိုဆက်လက်တိုက်ခိုက်နေခြင်းအပေါ် မိမိတို့ များစွာ စိုးရိမ်လျက်ရှိပါသည်။

အခြားလက်နက်ကိုင်အဖွဲ့များမှကျူးလွန်ခဲ့သော အကြမ်းဖက်မှု၊ အလွဲသုံးစား ပြုမှုများနှင့်ပက်သက်သည့် ခိုင်လုံသောသတင်းများကိုလည်း စိုးရိမ်ဖွယ်သိရပါသည်။

ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ရန်အတွက် အကြမ်းဖက်မှုများ ကိုအဆုံးသတ်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေး ကာ သက်ဆိုင်သူများ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်လိုအပ်သည်ဟု မိမိတို့အစဥ်အမြဲကိုင်စွဲယုံကြည်ထားပါသည်။

ဤအခြေအနေများမရှိပဲကျင်းပသည့်ရွေးကောက်ပွဲသည် ပိုမိုကြီးမားသော မတည်ငြိမ်မှုများဆီဦးတည်ကာ မြန်မာပြည်သူများ အပေါ် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်စေပြီး ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်း အတွက် ငြိမ်းချမ်းသည့်အဖြေရှာဖွေရာတွင်အတားအဆီးဖြစ်မည်ကို မိမိတို့အထူးစိုးရိမ်ပါသည်။

လက်ရှိမြန်မာနိုင်ငံရှိအခြေအနေသည် လွတ်လပ်၍တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့် အရာများမပြည့်စုံနေပါ။

သြစတြေးလျအနေဖြင့် ပြည်သူများ၏ဆန္ဒကိုထင်ဟပ်သည့် ဒီမိုကရေစီအရပ်သားအစိုးရထံသို့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရန် ဆက်လက်တိုက်တွန်းပါမည်။ ဤအကျပ်အတည်းကိုဖြေရှင်းရာတွင် အာဆီယံ၏အခရာကျသည့်အခန်းကဏ္ဍကို မိမိတို့ အင်တိုက်အားတိုက် ပံ့ပိုးထောက်ခံကြောင်း ထပ်လောင်းပြောကြားပါသည်။

ဘုံသဘောတူညီချက် ၅ ရပ်အောက်မှကတိကဝတ်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အာဆီယံဥက္ကဌ၏ အထူး ကိုယ်စားလှယ်အပါအဝင် အာဆီယံကိုယ်စားလှယ်များနှင့် အဓိပ္ပာယ်ရှိသောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စစ်အာဏာရှင် အဖွဲ့အစည်းကို မိမိတို့ဆက်လက်တောင်းဆိုသည်။

လူ့အခွင့်အရေးအပေါ်ထားရှိသည့်မိမိတို့၏ကတိကဝတ်သည် သြစတြေးလျအမျိုးသားစံတန်ဖိုးများကိုထင်ဟပ်ပါသည်။

သြစတြေးလျသည် အခက်အခဲဒုက္ခကြုံရချိန်တွင် ကြီးစွာသော ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရဲရင့်မှုတို့ကိုပြသခဲ့ကြသည့် မြန်မာပြည်သူများနှင့် အတူတကွ ဆက်လက်ရပ်တည်နေပါမည်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *