THN Public Media Blog သတင်း War ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်မှု ၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
War

ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်မှု ၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၅ – ၂၀၂၅

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်ကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့လို့ လူ ၅ ဦး သေဆုံးပြီး တခြား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုက ဘာထလေရွာ နဲ့ နွားတင်းကုတ် ရွာအနီးမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ နဲ့ ထိခိုက် ဒဏ်ရာ ရရှိသူအပြင် အဆောက်အဦ ပျက်စီးမှုတွေလည်း ရှိထားတယ်လို့ သိရပါတယ်။

” ဘာလထေရွာက သုံးယောက်သေပြီး လေးယောက် ဒဏ်ရာရတယ် ။ နွားတင်းကုတ်ရွာမှာက နှစ်ယောက်လို့ ကနဦးသိထားတယ် ။ကျန်တဲ့ အခြေအနေ မသိရသေးဘူး ။ ” စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ ကပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိ သူတွေကို ဆေးဝါးကုသနိုင်ဖို့ လုပ်ဆောင် နေကြပြီး သေဆုံးသူတွေ ကိုတော့ သဂြိုဟ်ဖို့ လုပ်နေကြကြောင်း ၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အခြေအနေကိုတော့ အာရက္ခ AA ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

အခု နောက်ပိုင်း ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၊ ဒရုန်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် AA က သူတို့ ထိန်းချုပ် နယ်မြေအတွင်း နေထိုင်ကြသူတွေအနေနဲ့ လေကြောင်းရန်ကို ယခင် ကထက် ပိုပြီးသတိထားဖို့ အောက်တိုဘာ ၃၁ ရက်နေ့က သတိပေး ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း ရသေ့တောင် အပါအဝင် ပုဏ္ဏားကျွန်းနဲ့ ပေါက်‌တော မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက် ခံရပြီး ရှစ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ငါးယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာ၊ ကွမ်းတောင်ကျေးရွာနဲ့ အောင်ဖြူပြင် ကျေးရွာတွေမှာ လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ကျရောက်မှုကြောင့် ငါးယောက် သေဆုံးကာ ကိုးယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ငါးယောက် သေဆုံးပြီး ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း ပေါက်တော ၊ စစ်တွေ ၊ ကျောက်ဖြူ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်နဲ့ ဇင်းချောင်းတိုက်နယ် တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရှစ်ယောက် သေဆုံးကာ ၂၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ် ထိစပ်နေတဲ့ မကွေးတိုင်း ၊ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း နယ်စပ် ဒေသတွေမှာ AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့သိရပါတယ် ။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version