နိုင်ငံရေး

ရိုဟင်ဂျာတွေ အတွက် မြန်မာစစ်ခေါင်းဆောင်တွေက လျော်ကြေးပေးဖို့ BROUK အဖွဲ့က အာဂျင်တီးနား တရားရုံးမှာ တရားစွဲ

ဖေဖေါ်ဝါရီ ၁၅ – ၂၀၂၆

ဂျီနိုဆိုက် ကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ အတွက် မြန်မာ စစ်ခေါင်းဆောင်တွေက လျော်ကြေးပေးဖို့ ဆိုပြီး ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ကနေ အာဂျင်တီးနား တရားရုံးမှာ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က တရားစွဲ လျှောက်ထားခဲ့ကြောင်း BROUK က သတင်းထုတ်ပြန်ထား ပါတယ်။

အာဂျင်တီးနား နိုင်ငံ Buenos Aires မြို့ တရားရုံးမှာ BROUK က တရားမမှု အနေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဂျင်တီးနား တရားစီရင်ရေး ဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် (Universal Jurisdiction) မူ အရ မြန်မာစစ်တပ်က အဆင့်မြင့် အရာရှိ တွေကို ရိုဟင်ဂျာ ဂျီနိုဆိုက် အမှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲချက် တင်ထားပြီးသားလည်း ဖြစ်ပါတယ်။

အခု တရားမမှု ထဲမှာတော့ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် အပြင် တခြား စစ်တပ်အရာရှိတွေလည်း ပါတင်ပါတယ်။

“ရိုဟင်ဂျာတွေဟာ သူတို့ဘဝရဲ့ ကဏ္ဍတိုင်းကို ထိခိုက်စေတဲ့ ဆယ်စုနှစ်ချီ ကြာညောင်းတဲ့ မျိုးတုံးသတ်ဖြတ်မှုကို ခံစားခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့သူတွေဖြစ်စေ၊ တခြားနေရာ တွေမှာ ဒုက္ခသည်အဖြစ် နေထိုင် နေရတဲ့သူတွေ ဖြစ်စေ မျိုးဆက် အလိုက် ရိုဟင်ဂျာ သားကောင်တွေမှာ လျော်ကြေး ရပိုင်ခွင့်ရှိပြီး၊ အာဂျင်တီးနား ဟာ ဒီအမှု အတွက် ပထမဆုံး စစ်မှန်တဲ့ ခြေလှမ်း ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

မြန်မာတပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ဟာ လျော်ကြေးပေးဖို့အတွက် များပြား လှတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားကြောင်း BROUK အဖွဲ့ရဲ့ လျှောက်ထားချက်မှာ ဖေါ်ပြထားပါတယ်။

ကျူးလွန်သူတွေကို ငွေကြေးအရ တာဝန်ခံစေတာဟာ ပြစ်ဒဏ် ကင်းလွတ်နေတာတွေကို အဆုံးသတ်ဖို့နဲ့ လွတ်မြောက်လာသူတွေ အတွက် တရားမျှတမှုကို ထောက်ကူပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *