ဂမ်ဘီယာ က မြန်မာနိုင်ငံ အပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ အမှုအပေါ် ဇန်နဝါရီ ၁၆ ရက်နေ့က ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က ဦးဆောင်ရှေ့နေ Mr. Christopher Staker က လျှောက်လဲရာမှာ မြန်မာနိုင်ငံကို ၁၈၂၄ ကနေ ၁၉၄၈ အထိ ဗြိတိသျှအုပ်ချုပ်ခဲ့တဲ့ ကာလ တလျှောက် ရိုဟင်ဂျာ ဆိုတဲ့ နာမည် အသုံးပြုခဲ့တဲ့ အထောက် အထားမရှိခဲ့ကြောင်း၊ ၁၉၄၀ နောက်ပိုင်း မှသာ ဘင်္ဂါလီ မွတ်ဆလင်တချို့က နိုင်ငံရေး လှုပ်ရှားမှု တခု အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ တင်ပြသွားခဲ့ပါတယ်။
–
Mr. Christopher Staker ရဲ့ လျှောက်လဲချက် အပြည့်အစုံ
—————————————————
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ၏ တစ်စိတ်တစ်ပိုင်းမဖြစ်ခင်ကတည်းက ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီစကားပြောသောလူဦးရေရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ သည် ဗြိတိသျှအုပ်ချုပ်သည့်ကာလအတွင်း အိန္ဒိယနှင့် စစ်တကောင်း ဒေသတို့မှ ရွှေ့ပြောင်းလာသည့်သူများဖြစ်ကြောင်း၊ ၁၉၃၁ ခုနှစ်တွင် ဘင်္ဂါလီဘာသာစကား ပြောဆိုသည့်သူများ ပိုမိုများပြားလာခဲ့ပြီး ၎င်းတို့ကိုယ်တိုင်က အသိုက်အဝန်း တခုတည်းဖြစ်သည်ကို လက်ခံထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုသည် ပြဿနာတစ်ရပ် ဖြစ်လျက် ရှိခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မူဂျာဟစ်ဒင်သောင်းကျန်းသူများက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် မူဂျာဟစ်ဒင်သောင်းကျန်းသူများ အညံ့ခံသွားခဲ့ကြောင်း၊ ၁၈၂၄ မှ ၁၉၄၈ ဗြိတိသျှအုပ်ချုပ်ခဲ့သည့် ကာလ တစ်လျှောက် ရိုဟင်ဂျာဆိုသောအမည် အသုံးပြုခဲ့သည့် အထောက် အထားမရှိခဲ့ကြောင်း၊ ၁၉၄၀ နောက်ပိုင်းတွင် ဘင်္ဂါလီမွတ်ဆလင်အချို့က နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအနေဖြင့် ရိုဟင်ဂျာဟူသည့် အမည်ကို အသုံးပြုလာကြကြောင်း၊ အောက်စ်ဖို့တက္ကသိုလ်၏ The International Encyclopedia of Linguistics တွင် ရိုဟင်ဂျာကို စစ်တကောင်းဒေသမှ မွတ်ဆလင်စကားကိုပြောဆိုသော ဘင်္ဂါလီမွတ်ဆလင်များဟု ဖော်ပြ ထားပါကြောင်း၊ United Nations document 2004 တွင်လည်း ရခိုင် ပြည်နယ် မြောက်ပိုင်းတွင်နေထိုင်သောသူများကို ရိုဟင်ဂျာဟုခေါ်ဆိုသော ဘင်္ဂါလီများဟု ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် ကုလားဟူသည့် စကားလုံးသည် တရားဝင်အသုံးအနှုန်း မဟုတ်ကြောင်း၊ နေ့စဉ် သုံး စကားတခုသာဖြစ်ကြောင်း၊ ယင်းအသုံးအနှုန်း သည် ကိုလိုနီ ခေတ် မတိုင်မီက ဘင်္ဂါလီ အသိုက် အဝန်းက ၎င်းတို့ကိုယ်တိုင် အသုံးပြုသည့် အသုံးအနှုန်းဖြစ်ကြောင်း၊ မတူကွဲပြားသည့်အမြင်များကြောင့် ယနေ့အချိန်တွင် ထိုအသုံးအနှုန်းသည် စက်ဆုပ်ဖွယ်ကောင်းသော အသုံးအနှုန်းတစ်ခု ဖြစ်နေကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဖော်ပြပါ အချက်အလက်များအပေါ် အငြင်းပွားမှုမရှိကြောင်း၊ တစ်ဖက်ရှေ့နေ Mr. Suleman က ၁၈ ရာစု၊ ၁၉ ရာစုတို့တွင် Rooinga အသုံးအနှုန်းကို ရှိခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းသည် နောက်ပိုင်းတွင်မှ နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်အနေဖြင့် အသုံးပြုလာ ခြင်းဖြစ်ကြောင်း တုံ့ပြန်လျှောက်လဲခဲ့ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိဘင်္ဂါလီမွတ်ဆလင်များ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ မွတ်ဆလင် များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဒေသရှိ ဘင်္ဂါလီများနှင့် ခွဲခြား၍ မရကြောင်းနှင့် စပ်လျဉ်း၍ ဂမ်ဘီယာအနေဖြင့် သက်သေ မပြနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ စခန်းများတွင် ရောက်ရှိ နေသော ဘင်္ဂါလီများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းမရှိဟု ဂမ်ဘီယာ၏ စွပ်စွဲချက် အပေါ် ၂၀၂၅ ခုနှစ်တွင် လူ့အခွင့်အရေးကောင်စီက ရိုဟင်ဂျာ မွတ်ဆလင် များကို ပြန်လည်လက်ခံရန် တိုက်တွန်းခဲ့ကြောင်း၊ ASEAN Summit တွင်လည်း တိုက်တွန်းခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကိုယ်တိုင်ပင်လျှင် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို စတင်ရန် လိုလားခဲ့ကြောင်း၊ ဂမ်ဘီယာ စွပ်စွဲသကဲ့သို့ မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သည် ဆိုပါက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆောင်ရွက်ရန် တိုက်တွန်းခြင်း မျိုးပြုလုပ်မည် မဟုတ်ကြောင်း၊ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အခက်အခဲများရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမျိုးသားလွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌက ပြန်လည် လက်ခံသော သူများကို နိုင်ငံသား အဖြစ် ခွင့်ပြုရန် တောင်းဆိုခဲ့ ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းတွင်ရှိသူများကို မြန်မာနိုင်ငံသို့ ပြန်မသွားရန် ARSA ၏ ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် မအောင်မြင်ရန် ARSA က ဆောင်ရွက်လျက် ရှိသည်ကို ဂမ်ဘီယာနိုင်ငံ အနေဖြင့် ဖော်ပြခြင်းမရှိခဲ့ ကြောင်းဖြင့် တုံ့ပြန်ခဲ့ပါသည်။
Ref: MRTV
—————————
THN Public Media
