THN Public Media Blog သတင်း War ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါတဲ့ ကော့ကရိတ်မှာ တိုက်ပွဲ ပြင်းထန်
War ပြည်တွင်း

ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါတဲ့ ကော့ကရိတ်မှာ တိုက်ပွဲ ပြင်းထန်

ဇန်နဝါရီ ၁၈ – ၂၀၂၆

ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တပ် စစ်ကြောင်းတွေဟာ မနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ စောဟဲ၊ ကောင်းမှုနဲ့ မိပါလဲ့ စတဲ့ ကျေးရွာတွေဘက်ကို အင်အား အများအပြားနဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်း ကနေ လေယာဉ်၊ ဒရုန်း‌တွေနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိကို အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ရေး စစ်တပ် ကနေ KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ကာ မြေပြင်စစ်ကြောင်းအပြင် ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တကျော့ပြန် ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိပါလဲ၊ နောင်ကိုင်း၊ ကမိုင်ကုန်း၊‌ မောင်းမ အစရှိတဲ့ ကော့ကရိတ် (တောင်ပိုင်း၊‌ မြောက်ပိုင်း) က ကျေးရွာတွေ အပါအဝင် ကျုံဒိုးမြို့နယ်ဘက်မှာ ရှေ့တိုးလာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါကြောင့် မိပါလဲ၊ နောင်ကိုင်း၊ ကမိုင်ကုန်း၊ မောင်းမ အပါအဝင် ထိဖိုးဇံ၊ နန်းရွှေမှုံ၊ စော်ဟဲ၊ နောင်တမံ၊ နောင်ထပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာပေါင်း ၂၀ ဝန်းကျင်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အပိုင်းလိုက်ကျင်းပနေတဲ့ ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ကရင်ပြည်နယ် အနေနဲ့ ကော့ကရိတ်နဲ့ ကြာအင်း ဆိပ်ကြီး နှစ်မြို့နယ် ပါဝင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version