Environment

လကမ္ဘာခရီးစဥ်ရဲ့ အိမ်ပြန်လမ်း

ဧပြီ ၉ – ၂၀၂၆

Artemis II အာကာသယာဉ်မှူးတွေ အခုဘယ်ရောက်နေပြီလဲ၊ သူတို့ရဲ့ ခရီးစဉ်ကို ခြေရာခံ လိုက်ကြည့်ရအောင်။

အာကာသယာဉ်မှူးတွေ ကမ္ဘာမြေနဲ့ လကမ္ဘာကနေ ဘယ်လောက် အကွာ အဝေး ကို ရောက်နေပြီလဲဆိုတာရယ်၊ သူတို့ရဲ့ ခရီးစဉ်ကို NASA ရဲ့ တရားဝင် Tracker ကနေ ဘယ်လို စောင့်ကြည့်နေလဲ ဆိုတာ တင်ပြ ပေးလိုက် ပါတယ်။

အခုဆိုရင် Artemis II အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ပြန်လာဖို့ တစ်ဖြည်းဖြည်း ကမ္ဘာကြီးဆီ နီးကပ်လာနေပြီ ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ် Apollo ခေတ်ကုန်ဆုံးသွားပြီး နောက်ပိုင်း လကမ္ဘာဆီကို ပထမဆုံး အကြိမ် လူသားတွေပါဝင်တဲ့ အာကာသခရီးစဉ် အဖြစ် သမိုင်းသစ် ရေးထိုးနေတဲ့ ဒီခရီးစဉ် အတွက် အခုတပတ်ဟာ တကယ့်ကို အလုပ်ရှုပ်ခဲ့တဲ့ သီတင်းပတ်တခုပဲ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ်၊ Cape Canaveral ကနေ လွှတ်တင်ခဲ့ပြီးနောက် ဧပြီလ ၆ ရက်နေ့မှာတော့ အာကာသယာဉ်မှူး တွေဟာ လကမ္ဘာကို ပတ်ပျံနိုင်ခဲ့ကြပြီး ဘယ်လူသားမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသေးတဲ့ လရဲ့တဖက်ခြမ်း မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတာပါ။

နောက်တနေ့ ကမ္ဘာကိုအပြန် ခရီးစဉ်ရဲ့ ပထမဆုံးရက်မှာတော့ အာကာသယာဉ်မှူး တွေဟာ အနားယူခဲ့ကြပြီး NASA ကလည်း သူတို့ရိုက်ကူး ခဲ့တဲ့ အံ့မခန်း ကြယ်တာရာ ဓာတ်ပုံတွေကို အများအပြား ထုတ်ပြန်ပေးခဲ့ပါတယ်။

အခု ခရီးစဥ်ဟာ ၂၀၂၈ ခုနှစ်မှာ လကမ္ဘာပေါ်ကို လူသားတွေ ပြန်လည် ခြေချနိုင်ဖို့ လမ်းခင်း ပေးတဲ့ စမ်းသပ်ပျံသန်းမှုလည်း ဖြစ်ပါတယ်။

NASA ရဲ့ အွန်လိုင်း Tracker အရ ဧပြီလ ၉ ရက် ကြာသပတေးနေ့ မနက်ပိုင်း မှာတော့ အာကာသယာဉ်မှူးတွေ လိုက်ပါလာတဲ့ Orion အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၁၆၇၂၃၄ အကွာကို ရောက်ရှိ နေပြီဖြစ်ပြီး လကမ္ဘာ ကတော့ သူတို့ရဲ့ နောက်ဘက် မိုင်ပေါင်း ၁၁၄၇၈၄ လောက်မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

Artemis II ရဲ့ နောက်ဆုံးအခြေအနေ

—————————-

အာကာသယာဉ်မှူးတွေ ရဲ့ အခန်းရဲ့ အောက်မှာရှိတဲ့ ဝန်ဆောင်မှုအပိုင်း Service Module ကနေ ဧပြီလ ၇ ရက်နေ့မှာ အရန် အင်ဂျင်ငယ်တွေကို ၁၅ စက္ကန့်ကြာ နှိုးပြီး ကမ္ဘာမြေကို ဦးတည်နေတဲ့ ယာဉ်ရဲ့ အရှိန်ကို ညှိယူခဲ့ ပါတယ်။

အဲဒီခရီးစဉ်မှာ သူတို့ဟာ လမျက်နှာပြင်ရဲ့ မိုင်ပေါင်း ၄၀၆၇ အကွာအထိ ကပ်ပြီး ပျံသန်းခဲ့သလို သမိုင်းတလျှောက် ကမ္ဘာမြေကနေ အဝေးဆုံးအထိ ရောက်ရှိခဲ့တဲ့ လူသားတွေလည်း ဖြစ်လာခဲ့ပါတယ်။

NASA ရဲ့ ထုတ်ပြန်ချက်အရ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ပြန်ဖို့ ပြင်ဆင်နေကြပြီး ဧပြီလ ၈ ရက်နေ့မှာတော့ လုပ်ဆောင်ရမယ့် တာဝန်တွေ အပြည့်ရှိနေခဲ့ပါတယ်။

Orion ယာဉ်ဟာ ဧပြီလ ၁၀ ရက် သောကြာနေ့၊ အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီ ၇ မိနစ်ဝန်းကျင်မှာ ကမ္ဘာ့လေထု ထဲကို ပြန်ဝင်လာမှာ ဖြစ်ပြီး ကာလီဖိုးနီးယား ပြည်နယ်၊ ဆန်ဒီယေဂို ကမ်းလွန် ပစိဖိတ်သမုဒ္ဒရာထဲကို ဆင်းသက်မှာ ဖြစ်ပါတယ်။

လေထုထဲကို ပြန်ဝင်တဲ့အချိန်မှာတော့ ယာဉ်ကို မောင်းနှင်ပေးခဲ့တဲ့ Service Module အပိုင်းဟာ ခွဲထွက်ပြီး လောင်ကျွမ်းသွားမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာကာသယာဉ်မှူးတွေပါတဲ့ အခန်းကို ၃၀၀၀ ဒီဂရီ ဖာရင်ဟိုက် ကျော်တဲ့ အပူဒဏ် ကနေ ကာကွယ်ပေးမယ့် အပူကာဒိုင်းကြီး ပေါ်ထွက်လာမှာပါ။

Orion ယာဉ် ကမ္ဘာ့လေထုကို ဖြတ်ကျော်ပြီးတာနဲ့ အရှိန်လျှော့ဖို့ အတွက် လေထီးတွေ ပွင့်လာမှာဖြစ်ပြီး အပူကာဒိုင်းကြီးလည်း ပြုတ်ထွက် သွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ယာဉ်ဟာ သမုဒ္ဒရာထဲကို ကျဆင်းမှာဖြစ်ပြီး ယာဉ်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ လိမ္မော်ရောင် လေအိတ် ၅ လုံးက ဖောင်းလာပြီး ယာဉ်ကို ရေထဲမှာ တည့်တည့်မတ်မတ်ဖြစ်အောင် ထိန်းပေးမှာပါ၊ ဆင်းသက်ပြီး ၂ နာရီအတွင်းမှာပဲ အာကာသယာဉ်မှူးတွေဟာ ယာဉ်ထဲကနေ ထွက်ပြီး အမေရိကန်ရေတပ်ရဲ့ ကယ်ဆယ်ရေး သင်္ဘောပေါ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *