Environment

လကမ္ဘာပေါ် အမြဲတမ်း အခြေစိုက်စခန်း တည်ဆောက်မယ့် နောက်ထပ် အဆင့်တွေကို နာဆာ ချပြ

မေလ ၂၇ – ၂၀၂၆

အမေရိကန် အာကာသ လေ့လာစူးစမ်းမှုတွေ လုပ်နေတဲ့ နာဆာ NASA အဖွဲ့ ကနေ လပေါ် အမြဲတမ်း အခြေစိုက်စခန်းတခု တည်ဆောက် မယ့် စီမံကိန်း အစိတ်အပိုင်း တခုအနေနဲ့ လကမ္ဘာဆီ စေလွှတ်ဖို့ ရည်ရွယ် ထားတဲ့ စက်ရုပ် ဆင်းသက်ယာဉ်တွေ၊ ပျံနိုင် ခုန်နိုင်တဲ့ ဒရုန်းတွေနဲ့ မော်တော်ယာဉ်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်လိုက် ပါတယ်။

ဒီစက်ပစ္စည်းတွေကို တည်ဆောက်ဖို့ ရွေးချယ်ခံရတဲ့ ကုမ္ပဏီ အနည်းငယ် ထဲမှာ အမေဇုန် တည်ထောင်သူ Jeff Bezos ရဲ့ အာကာ သကုမ္ပဏီ Blue Origin လည်း ပါဝင်ပါတယ်။

အမေရိကန်ဟာ သမ္မတ ဒေါ်နယ်ထရမ့် ရာထူးက မထွက်ခင် ၂၀၂၉ မတိုင်ခင် အမေရိကန် နိုင်ငံသားတွေကို လကမ္ဘာပေါ်ဆီ နောက်တကြိမ် ပြန်လည် ခြေချနိုင်ဖို့ လိုလားနေတာပါ။

ဒါပေမဲ့ နာဆာဟာ လူသားတွေကို လကမ္ဘာ မျက်နှာပြင်ပေါ် ပြန်လည် စေလွှတ်ဖို့ အတွက် တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင် နေရတာဖြစ်လို့ ဒီအာကာသပြိုင်ပွဲ အသစ်မှာ သူတို့ပဲ နိုင်နေတယ် ဆိုတဲ့ ပုံစံမျိုး ပြသနိုင်ဖို့ ဖိအားတွေ ရင်ဆိုင်နေရ ပါတယ်။

တရုတ်နိုင်ငံ ကလည်း ၂၀၃၀ ပြည့်နှစ် မတိုင်မီ လပေါ်ကို လူသားတွေ စေလွှတ်ဖို့ သူတို့ရဲ့ စီမံကိန်း တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ တရုတ်ဟာ သူတို့ရဲ့ Shenzhou-23 အာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး သူ့နိုင်ငံရဲ့ Tiangong အာကာသ စခန်းဆီ အာကာသ ယာဉ်မှူး အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နာဆာဟာ ၂၀၃၂ အရောက်မှာ လရဲ့ တောင်ဝင်ရိုးစွန်း ဒေသမှာ နျူကလီးယားနဲ့ နေရောင်ခြည် စွမ်းအင်သုံး အမြဲတမ်း အခြေစိုက် စခန်းတခု တည်ဆောက်ဖို့ အတွက် ဒေါ်လာ ၂၀ ဘီလီယံတန် စီမံကိန်း တခုကို ကြေညာခဲ့ပါတယ်။

နာဆာ အုပ်ချုပ်ရေးမှူး Jared Isaacman က အခုလို ကြေညာတာတွေဟာ ဘာကို ပြနေလဲဆိုတော့ အမေရိကန် အနေနဲ့ “လကမ္ဘာကို ဘယ်တော့မှ နောက်ထပ် လက်လွှတ်မှာ မဟုတ်တော့ဘူး” ဆိုတာပဲ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောခဲ့ ပါတယ်။

လပေါ်မှာ အခြေစိုက်စခန်း တခု ရှိနေခြင်း အားဖြင့် အမေရိကန် အနေနဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေ လုပ်ဆောင် နိုင်မှာဖြစ်သလို၊ တန်ဖိုးရှိတဲ့ သယံဇာတ တွေကိုလည်း တူးဖော်နိုင်ခြေရှိပြီး အင်္ဂါဂြိုဟ်ဆီ ခရီးနှင်ဖို့ အတွက်လည်း ပိုပြီး လွယ်ကူသွားစေမှာပါ။

ဒါပေမဲ့ နာဆာရဲ့ ဒီအချိန်ဇယားဟာ လက်တွေ့ မကျဘူးလို့ ကျွမ်းကျင်သူ အများစုက သဘောတူထားကြပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက Artemis II စီမံကိန်းမှာ အာကာသယာဉ်မှူး ၄ ဦးကို လကမ္ဘာ ပတ်လမ်းထဲ စေလွှတ်နိုင် ခဲ့တဲ့ အောင်မြင်မှု ရှိခဲ့ပေမဲ့လည်း၊ သိပ္ပံပညာရှင် တချို့ကတော့ လပေါ်ကို လူသားတွေ နောက်ထပ် ပထမဆုံး စေလွှတ်နိုင်မယ့် နိုင်ငံဟာ တရုတ်ပဲ ဖြစ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

“တရုတ်က အရင်ဆုံး ရောက်သွားမယ် ဆိုရင်လည်း ကျွန်တော် လုံးဝ အံ့ဩမှာ မဟုတ်ပါဘူး” လို့ Open University က လကမ္ဘာဆိုင်ရာ သိပ္ပံပညာရှင် ဒေါက်တာ Simeon Barber က ပြောကြားခဲ့ပြီး၊ လူသားတွေ ကို လပေါ် ဆင်းသက် ပေးနိုင်မယ့် ယာဉ်တစင်း ရရှိဖို့ နာဆာဘက်မှာ ကြန့်ကြာ မှုတွေ ရှိနေတာကို ထောက်ပြခဲ့ပါတယ်။

နာဆာရဲ့ Ignition Moon Base စီမံကိန်းမှာ အဆင့် ၃ ဆင့် ပါဝင်ပါတယ်။

နာဆာဟာ စိန်ခေါ်မှုများပြားလှတဲ့ လကမ္ဘာရဲ့ မြေမျက်နှာပြင်ကို လူသားတွေ မသွားခင် စူးစမ်း လေ့လာဖို့နဲ့ မြေပုံဆွဲဖို့ အတွက် စက်ရုပ် ဆင်းသက် ယာဉ်တွေနဲ့ ပျံနိုင် ခုန်နိုင်တဲ့ ဒရုန်းတွေကို အရင် စေလွှတ်ချင် နေတာပါ။

ဒါ့အပြင် အာကာသယာဉ်မှူးတွေကို လမျက်နှာပြင်ပေါ် သယ်ဆောင် ပေးမယ့်၊ နောက်ပြီး ဆက်သွယ်ရေးနဲ့ သိပ္ပံပစ္စည်း ကိရိယာတွေကိုလည်း သယ်ဆောင် နိုင်မယ့်၊ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုလည်း ယူဆောင် သွားမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ နာဆာက Blue Origin, Intuitive Machines နဲ့ Astrobotic အပါအဝင် ကုမ္ပဏီတွေကို ဒီစက်ပစ္စည်းတွေ တည်ဆောက်ဖို့ အတွက် စာချုပ်တွေ သဘောတူ လိုက်ပြီလို့ ပြောပါတယ်။

နာဆာဟာ Blue Origin ရဲ့ Endurance လို့ခေါ်တဲ့ လဆင်းသက်ယာဉ်ကို တိတိကျကျ ဆင်းသက်နိုင်စေဖို့ အပြင် ကိုယ်ပိုင် ထိန်းချုပ် မောင်းနှင် နိုင်တဲ့ စနစ်တွေ ပါဝင်စေချင်နေတာပါ။

Astrobotic ကုမ္ပဏီရဲ့ Griffin-1 ဆင်းသက်ယာဉ်ကတော့ လရဲ့ တောင်ဝင်ရိုးစွန်း နားက Nobile Crater မီးတောင်ဝ မှာ ဆင်းသက် လိမ့်မယ် လို့ မျှော်လင့်ရပါတယ်။

ဒီစက်ပစ္စည်းတွေဟာ နာဆာ အတွက် အဆင့်မြင့် ကင်မရာတွေနဲ့ ယာဉ်ဆင်းသက်မှုကို ကူညီပေးမယ့် လေဆာရောင်ခြည်သုံး ကိရိယာတွေ အပါအဝင် သိပ္ပံပစ္စည်း တွေကိုလည်း သယ်ဆောင်သွားမှာပါ။

ဒီစက်ရုပ်တွေနဲ့ စူးစမ်းလေ့လာရေး အဆင့်ဟာ ၂၀၂၉ ခုနှစ်အထိ ကြာမြင့်မှာ ဖြစ်ပြီး၊ အာကာသယာဉ် ၂၅ ကြိမ် လွှတ်တင်ကာ လပေါ်ကို ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၄ တန်အထိ ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ လခြေစိုက် စခန်း စီမံကိန်း အမှုဆောင် Carlos García-Galán က အင်္ဂါနေ့မှာ ပြောပါတယ်။

နောက်တဆင့် အနေနဲ့ နာဆာဟာ လပေါ်မှာ နျူကလီးယား စွမ်းအင် ထုတ်လုပ်မယ့် ဓာတ်ပေါင်းဖိုတွေနဲ့ နေရောင်ခြည် စွမ်းအင်သုံး အဆောက် အအုံတွေကို တည်ဆောက်ချင်တာပါ။

၂၀၃၂ အရောက်မှာတော့ အာကာသ အေဂျင်စီဟာ လူသားတွေကို လပေါ်မှာ ခပ်ကြာကြာနေနိုင်မယ့် Semi-permanent အိမ်ရာတွေ တည်ဆာက်ဖို့ ရည်ရွယ်ထားပါတယ်။

လကမ္ဘာသုံး မော်တော်ယာဉ်တွေ ကလည်း အာကာသယာဉ်မှူးတွေကို ကျောက်ဆောင် ထူထပ်တဲ့ မျက်နှာပြင်ပေါ်မှာ အဝေးကြီးအထိ သွားလာ နိုင်အောင် ကူညီပေးမှာပါ။

လရဲ့ တောင်ဝင်ရိုးစွန်း ဒေသဟာ အထူးစိတ်ဝင်စားဖို့ ကောင်းနေတာ ကတော့ အဲဒီမှာရှိတဲ့ ခဲနေတဲ့ ရေတွေကို သောက်သုံးရေအဖြစ် ပြောင်းလဲ နိုင်သလို အောက်ဆီဂျင် ထုတ်လုပ်ဖို့ အတွက်လည်း သုံးနိုင်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ နာဆာရဲ့ စီမံကိန်းတွေ အောင်မြင်ဖို့ ဆိုရင် လူသားတွေကို လပေါ်ဆီ ဘေးကင်းကင်းနဲ့ သယ်ဆောင်ပေးနိုင်မယ့် အာကာသယာဉ် တစင်း အဆင်သင့်ဖြစ် မဖြစ်အပေါ် မှီတည်နေပါတယ်။

အီလွန်မတ် ရဲ့ SpaceX ကုမ္ပဏီဟာ Starship Human Landing System လို့ခေါ်တဲ့ ယာဉ်တစင်းကို တည်ဆောက်ဖို့ စာချုပ် ချုပ်ထားပေမဲ့ လက်ရှိမှာ အဆင်မပြေမှုတွေနဲ့ ကြန့်ကြာမှုတွေ အများကြီး ရင်ဆိုင်နေရ တာပါ။

“အဓိက အဟန့်အတားဖြစ်စေတဲ့ အဆင့်ကတော့ အာကာသယာဉ်မှူး တွေကို လမျက်နှာပြင်ပေါ် ဘေးကင်းကင်း ချပေးနိုင်မယ့် ကိစ္စပဲ ဖြစ်ပါတယ်” လို့ လကမ္ဘာ သိပ္ပံပညာရှင် Simeon Barber က ရှင်းပြထား ပါတယ်။

crd – bbc/nasa

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *