သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီ ဖြစ်ပြီး သီလဝါ (သန်လျင်) က ဓာတ်အားပေး စက်ရုံမှာ စမ်းသပ် လည်ပတ်နေပြီ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။
“ထူးခြားတဲ့ သတင်းကတော့ LNG သင်္ဘော ရောက်ပါပြီ။ တရားဝင် ကြေညာ တာတော့ ဒီရက်ပိုင်းထဲမှာပဲ ရောက်တာပါ။ ရက်စွဲတော့ အတိအကျ မသိဘူး။ သီလဝါမှာ စမ်းပြီးတော့ လည်နေပါပြီ။ သီလဝါမှာ စက် ငါးလုံးရှိတယ်၊ လေးလုံး ရပ်ထားတယ်၊ တလုံး စပြီး လည်နေပါပြီ။ ရပ်ထားတဲ့ လေးလုံးထဲက သုံးလုံးကိုလည်း ဆက်လည်မယ်။ ပြီးရင် သာကေတ က စက်လေးလုံး ရပ်ထားတာကိုလည်း ဆက်ပြီးလည်မှာပါ” လို့ စက်ရုံ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
သာကေတ ဓာတ်အားပေးစက်ရုံက စက်လေးလုံး ထပ်မံ လည်ပတ်နိုင်ပြီ ဆိုပါက ရန်ကုန်တိုင်းမှာ ရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်ကို ပေးနေတဲ့ လျှပ်စစ်မီးက လိုအပ်မှု မရှိနိုင်တော့တဲ့ အတွက် ဝန်အား လျှော့ချနိုင်တော့မှာ ဖြစ်တယ် လို့ ဆိုပါတယ်။
လက်ရှိမှာ LNG ဓာတ်ငွေ့ ကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ စီစဥ်နေတာနဲ့ ပတ်သက်လို့ တယူနစ် အတွက် ကုန်ကျစရိတ် မည်မျှ ရှိမယ်ဆိုတာ ကတော့ စမ်းသပ် လည်ပတ်နေဆဲကာလ ဖြစ်တာကြောင့် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“LNG နဲ့ ပတ်သက်လို့ ညှိနေတာ ကြာပါပြီ။ ရန်ကုန်တိုင်းထဲမှာ စက်မှုဇုန် ၂၉ ဇုန် ရှိတယ်။ ကျွန်တော်တို့ ဇုန်တွေ ကျတော့ နိုင်ငံတော်ကနေ တိုက်ရိုက်၊ မဟာ ဓာတ်အားလိုင်း ကနေ ပြီးတော့ ကိုယ့်ဘာသာကိုယ် ခွဲရုံတည်ပြီး လုပ်ထားတဲ့ဇုန်တွေ ဖြစ်တဲ့ အခါကျတော့ public နဲ့ မတွဲ ထားတာတွေကို LNG ပေးလို့ရပြီ ဆိုပြီး ပြောလာတယ်။ ကျွန်တော်တို့နဲ့ ညှိတုန်း ကတော့ တယူနစ်ကို ကျပ် ၅၀၀/၆၀၀ အများဆုံးပေါ့၊ အဲဒီလို ပြောတယ်။ နောက်ထပ်လူတွေနဲ့ ညှိတော့ ၇၀၀/၈၀၀ တွေ ဖြစ်ကုန် ကြတယ်။ အဲဒီတော့ ဈေးနှုန်း ကတော့ ဘယ်ဟာက အတည်ဖြစ်မလဲ ဆိုတာတော့ မသိသေးပါဘူး” လို့ သူက ပြောပါတယ်။
LNG ကနေ မီးပေးမယ့် စနစ်ကတော့ ပထမအဆင့် အနေနဲ့ ရန်ကုန်တိုင်း တတိုင်းလုံးက စက်မှုဇုန်တွေ အတွက် ရည်ရွယ်တာဖြစ်ပြီး ဒုတိယအဆင့် ဆက်လက် ဆောင်ရွက်မယ့် အခြေအနေကိုတော့ အသေးစိတ် ညှိနှိုင်းမှု မပြုလုပ်ရသေးတဲ့ အတွက် မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
“ဒီကိစ္စကလည်း လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပေးဖို့ လုပ်နေရင်းနဲ့ အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာနေတာပါ။ အခုတော့ ဒီကိစ္စ အကောင် အထည် ပေါ်တော့မယ်ဆိုတဲ့ သဘောတော့ သက်ရောက် တာပေါ့” လို့ သူက ပြောပါတယ်။
ကနဦးရရှိထားတဲ့ သတင်းတွေအရ သဘာဝဓာတ်ငွေ့တင် သင်္ဘောကြီး ကနေ မဂ္ဂါဝပ် ၇၀ဝ ခန့်ကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင် မြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်ကာ ဖြန့်ဖြူး ပေးဖို့ စီစဉ်ထားတာဖြစ်ပြီး မဂ္ဂါဝပ် ၂၀ဝ ကို စတင် ဓာတ်အား ဖြန့်ဖြူး ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ရန်ကုန်နဲ့ မန္တလေးတိုင်း နှစ်ခု အတွင်းက စက်မှုဇုန်တွေကို ၂၄ နာရီ၊ ခုနစ်ရက် ပတ်လုံး မီးအပြည့် ပေးမှာပါ။ အိမ်သုံးက တချို့ပါမယ်၊ တချို့ မပါဘူး။ သီးခြား ဓာတ်အားလိုင်းနဲ့ ယူထားတဲ့ အိမ်ရာတွေ၊ ကွန်ဒိုတွေပါ နိုင်ပါတယ်” လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စက်ရုံတွေအတွက် ဓာတ်အား ဖြန့်ဖြူးပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ တယူနစ်အတွက် ကုန်ကျစရိတ်ကို ၉၀၀ ကျပ်အဖြစ် ကနဦး အကြမ်းဖျင်း လျာထားပြီး အသေးစိတ်ကိုတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းက တွက်ချက်နေကြဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က “လောလောဆယ် သိရ သလောက်ကတော့ စက်မှုဇုန်တွေအတွက် 1 unit cost က ကျပ် ၁၀၀၀ မကျော်ဘူးလို့တော့ အကြမ်းဖျင်း သိထားပါတယ်။ လက်ရှိ စက်မှုဇုန် တွေမှာ မီးစက်နဲ့ စက်ရုံ လည်ပတ်နေရတာက ကုန်ကျစရိတ် တယူနစ်ကို ၁၃၅၀ ကျပ် ရှိတယ်။ ပြီးတော့ ဒီလို မီးစက်မောင်းပြီး စက်ရုံ လည်ပတ်ရတယ် ဆိုတာမျိုးကလည်း ရေရှည်အတွက် ဘယ်လိုမှ အဆင် မပြေ နိုင်ဘူးလေ။ မီးစက် ဆိုတာမျိုးကလည်း ခဏတာ backup လုပ်ဖို့ အတွက်ပဲ ကောင်းတာကိုး။ အချိန်ပြည့် လည်နေရရင် စက်လည်း နာတယ်။ ပြင်ဆင် စရိတ်တွေလည်း များတယ်။ ဒါကြောင့် LNG နဲ့ စက်ရုံ လည်ပတ်နိုင်မယ် ဆိုရင်တော့လည်း ကုန်ကျစရိတ် ပိုပြီး သက်သာ သွားမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
ဟောင်ကောင် VPower Group ပိုင် ဓာတ်ငွေ့တင် သင်္ဘောကြီးဟာ သဘာဝ ဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) နဲ့ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ပေးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ အတွင်းက သီလဝါဆိပ်ကမ်းရှိ ယာယီဆိပ်ခံ တံတားမှာ ပထမဆုံး အကြိမ် အဖြစ် စတင် ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။
အလျား ၁၇၆ ဒသမ ၈ မီတာရှိတဲ့ အဲဒီ LNG သင်္ဘောကြီးဟာ သာကေတ မြို့နယ်ရှိ မဂ္ဂါဝပ် ၄၀၀ လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ သန်လျင် မြို့နယ်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်ကာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဓာတ်ငွေ့တင် သင်္ဘောကြီးဟာ နှစ်နှစ်နဲ့ လေးလအကြာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်၊ သီလဝါဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။
Photo – CJ (ပုံဟောင်း)
Crd – VOM
—————————
THN Public Media
