သဘာဝပတ်ဝန်းကျင်

သဘာဝ နဲ့ ပေါင်းကူးတံတား (သို့) ဆာ ဒေးဗစ် အက်တန်ဘာရာ – နှစ် ၁၀၀ ပြည့်မွေးနေ့

မေလ ၅ – ၂၀၂၆

ချစ်ခင်လေးစားရတဲ့ သဘာဝသမိုင်းပညာရှင်၊ BBC ရဲ့ သဘာဝ ပတ်ဝန်းကျင် ရုပ်သံတင်ဆက်သူ ဆာ ဒေးဗစ် အက်တန်ဘရာ ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် လန်ဒန်မြို့ရဲ့ နာမည်ကျော် အထင်ကရ နေရာ တခုမှာ မွေးနေ့ဆုတောင်း စကားတွေကို ပြသပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

လန်ဒန်မြို့လယ် က နာမည်ကြီး Piccadilly Circus မှာ ဧရာမ ဒစ်ဂျစ်တယ် ကြော်ငြာ ဆိုင်းဘုတ်ကြီးမှာ ဒေးဗစ် အက်တန်ဘရော့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် သူ့အကြောင်း ဂုဏ်ပြုစကားတွေကို ပြသထားပါတယ်။

ဒီဂုဏ်ပြုချက်ကို တနေကုန် ပြသသွားမှာဖြစ်ပြီး ဆာ ဒေးဗစ်ရဲ့ ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ လုပ်ငန်း သက်တမ်းကို ကမ္ဘာမြေကြီး ကနေ ပြန်လည် ကျေးဇူးတင်တဲ့ အနေနဲ့ ရိုက်ကူးထားတဲ့ နှစ်မိနစ်စာ ဗီဒီယိုဖိုင် လည်း ပါဝင်ပါတယ်။

ဒီရုပ်သံတင်ဆက်သူနဲ့ သဘာဝသမိုင်း ပညာရှင်ကြီးဟာ မျိုးဆက် ပေါင်း များစွာကို သဘာဝလောက အကြောင်း နားလည်စေဖို့နဲ့ ကာကွယ် စောက်ရှောက်ဖို့ လှုံ့ဆော်ပေးနိုင်ခဲ့သူပါ။

သူ့ရဲ့ အစီအစဉ်တွေဟာ တောရိုင်းတိရစ္ဆာန်တွေ အကြောင်းကို သန်းနဲ့ချီတဲ့ အိမ်ထောင်စု တွေဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သလို ကြည့်ရှုသူ တွေ အနေနဲ့ တိရစ္ဆာန်တွေ၊ သူတို့ရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ကမ္ဘာဂြိုဟ်ကြီး အပေါ် မြင်တဲ့ အမြင်ကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

၁၉၂၆ ခုနှစ် မေလ ၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဆာ ဒေးဗစ်ဟာ ငယ်စဉ် ကလေးဘဝ ကျောက်ဖြစ်ရုပ်ကြွင်းတွေ စုဆောင်းစဉ် ကတည်းက သဘာဝတရား အပေါ် စွဲလန်း နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ Licester မြို့က Wyggeston Grammar School ကျောင်းမှာ ပညာသင်ကြား ခဲ့ပြီး ကိန်းဘရစ်ချ် က Clare ကောလိပ်မှာ သဘာဝသိပ္ပံ ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။

၁၉၄၇ ကနေ ၁၉၄၉ အထိ တော်ဝင် ရေတပ်မှာ တာဝန်ထမ်းဆောင် ပြီးနောက် BBC ထဲကို ဝင်ရောက်ခဲ့ကာ ဆယ်စုနှစ် ၇ ခုကျော် ကြာမြင့် မယ့် ရုပ်သံလော ကခရီးစဉ်ကို စတင်ခဲ့တာပါ။

ဆာ ဒေးဗစ်ရဲ့ နာမည်ကြီး နှစ်အလိုက် အစီအစဥ်တွေကတော့

Life on Earth – ၁၉၇၉

The Living Planet – ၁၉၈၄

The Trials of Life – ၁၉၉၀

The Private Life of Plants – ၁၉၉၅

The Blue Planet – ၂၀၀၁

Planet Earth – ၂၀၀၆

Life in Cold Blood -၂၀၀၈

Frozen Planet – ၂၀၁၁

Planet Earth II – ၂၀၁၆

Our Planet – ၂၀၁၉

A Life on Our Planet -၂၀၂၀ နဲ့

Wild London (၂၀၂၅-၂၆) လန်ဒန်မြို့ပြထဲက ဇီဝမျိုးစုံမျိုးကွဲတွေ အကြောင်း နောက်ဆုံး တင်ဆက်ထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Wild London အစီအစဉ်ကို London Wildlife Trust နဲ့ Passion Pictures တို့က ပူးတွဲ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်သူ အမှုဆောင် Gaby Bastyra ကတော့ ဆာ ဒေးဗစ်နဲ့ အလုပ် အတူလုပ်ရတာဟာ သူမ မျှော်လင့် ထားတာထက်ကို ပိုပြီး ပြည့်စုံခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မကိုယ်တိုင်က လန်ဒန်သူ ဖြစ်တော့ နေရာတိုင်းမှာ တောရိုင်း တိရစ္ဆာန် လေးတွေ ရှိနေတယ် ဆိုတာကို လူတွေသိအောင် သူနဲ့အတူ အလုပ်လုပ်ခွင့် ရတာဟာ တကယ့်ကို အိပ်မက်တခု တကယ်ဖြစ်လာတာ ပါ” လို့ သူမက ပြောပါတယ်။

ဆာ ဒေးဗစ်ဟာ လန်ဒန်မြို့နဲ့ မြို့ပြမှာ ရှိတဲ့ သမင်တွေ ကနေ စလို့ အဆောက် အဦး မြင့်ကြီးတွေပေါ်မှာ အသိုက်လုပ် နေထိုင်တဲ့ သိန်းငှက်တွေ အထိ တောရိုင်း တိရစ္ဆာန်လေးတွေ အပေါ် ထားရှိတဲ့ သူ့ရဲ့ သံယောဇဉ်အကြောင်းကို မကြာခဏ ပြောလေ့ ရှိပါတယ်။

ဆာ ဒေးဗစ်ဟာ ဗြိတိသျှပြတိုက် (British Museum) နဲ့ Kew တော်ဝင် ရုက္ခဗေဒဥယျာဉ်တို့ရဲ့ ဂေါပကတစ်ဦး ဖြစ်သလို တော်ဝင် သဘာဝ ထိန်းသိမ်းရေး အသင်း (Royal Society for Nature Conservation) ရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *