နိုင်ငံတကာ

သမ္မတထရမ့် ပုံတူပါတဲ့ အမေရိကန် နိုင်ငံကူးလက်မှတ်၊ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်မယ်

ဧပြီ ၂၉ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုံတူပါတဲ့ နိုင်ငံကူးလက်မှတ် ကို အကန့်အသတ် နဲ့ ထုတ်ပေးတော့မှာဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီနိုင်ငံကူးလက်မှတ်တွေကို လာမယ့် ဇူလိုင်လမှာ ကျရောက်မယ့် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် တစိတ်တပိုင်း အနေနဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ ဒီဇိုင်းသစ်တွေကို နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ အမေရိကန် နိုင်ငံသားတိုင်း ရရှိနိုင်မှာဖြစ်ပြီး၊ စတင်ထုတ်ပေးတဲ့ အချိန်ကစလို့ လက်ကျန် ရှိသရွေ့ ဆက်လက် ထုတ်ပေးသွားမယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားပါတယ်။

ဒီ နိုင်ငံကူးလက်မှတ်တွေကိုတော့ ဝါရှင်တန်နိုင်ငံကူး လက်မှတ်ရုံး မှာသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံကူး လက်မှတ်ရဲ့ ဒီဇိုင်းပုံစံ မှာတော့ သမ္မတထရမ့်ရဲ့ ပုံတူကို လွတ်လပ်ရေး ကြေညာစာတမ်း စာသားတွေ၊ အမေရိကန် အလံတို့နဲ့ ဝန်းရံထားပြီး သမ္မတရဲ့ လက်မှတ်ကို ရွှေရောင်နဲ့ ရေးထိုးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ဖော်ညွှန်းတဲ့ ဒီနိုင်ငံကူးလက်မှတ် ဒီဇိုင်းသစ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ နှစ် ၂၅၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အထူး အခမ်းအနားတွေမှာ အမေရိကန်တွေ ပူးပေါင်း ပါဝင်ဖို့ နောက်ထပ် နည်းလမ်းကောင်း တခု ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိ အမေရိကန် နိုင်ငံကူးလက်မှတ်တွေမှာတော့ လကမ္ဘာပေါ် ဆင်းသက်ခြင်းလိုမျိုး နိုင်ငံသမိုင်းဝင် မြင်ကွင်းတွေနဲ့ လွတ်လပ်ရေး ရုပ်တုလိုမျိုး အမေရိကန် သင်္ကေတတွေကို ဖော်ပြထားလေ့ ရှိပါတယ်။

အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဒီအထူးထုတ် နိုင်ငံကူးလက်မှတ်ကို မယူဘဲ ငြင်းပယ်နိုင် မလားဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါ။

အမေရိကန် ငွေကြေးရိုက်နှိပ်ထုတ်လုပ်ရေးဌာန ကလည်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထရမ့်ရဲ့ပုံပါတဲ့ ရွှေဒင်္ဂါးပြား ထုတ်လုပ်ဖို့ မကြာသေးခင်ကမှ ကြေညာခဲ့ပြီး၊ သမ္မတထရမ့်ဟာ အမေရိကန် ငွေစက္ကူတွေ ပေါ်မှာ သူ့လက်မှတ်ပါတဲ့ ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *