ဧပြီ ၂၉ – ၂၀၂၆
ဘရူနိုင်းနိုင်ငံမှာ မနေ့ အင်္ဂါနေ့က ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ-အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်ခဲ့ရာမှာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တို့နဲ့ သီးခြားစီ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို သီးခြားဆွေးနွေးမှုမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ မစ္စတာ Sihasak က မြန်မာ့အရေးကိစ္စကို အထူး အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့် အချိန်ကာလနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ သလို၊ ပိုပြီး ထိရောက်တဲ့ တိုးတက်မှုတွေကို မြင်တွေ့လိုတယ်လို့ ဆိုပါတယ်။
ဝန်ကြီး Sihasak ကလည်း ဒီအချက်ကို သဘောတူညီပြီး မြန်မာနိုင်ငံ အတွင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အဖွဲ့အစည်း အသီးသီးကြား ဆွေးနွေးမှုတွေ အပါအဝင် ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ မြင်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတာကြောင့် ဒီအခြေအနေတွေကို လက်ပိုက်ကြည့်နေလို့ မရဘူးလို့ သူက ပြောပါ တယ်။
ဒါကြောင့် မြန်မာအစိုးရကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက် သွားနိုင်ဖို့ တိုက်တွန်းတဲ့ အနေနဲ့ ထိုင်းနိုင်ငံ အနေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒါမှမဟုတ် ခေါင်းဆောင်တွေကို အစည်းအဝေး မဖိတ်ကြားတဲ့ ရပ်တည်ချက် အတိုင်း ဆက်ထားမလား၊ ဒါမှမဟုတ် ဆက်ဆံရေးတွေ ပြန်လည် ကောင်းမွန်လာအောင် နေရာပေးမလားဆိုတာကို စုပေါင်း ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကို ဆက်ပြီး အထီးကျန်ထားမယ် ဆိုရင် ဒေသတွင်းမှာ ပထဝီနိုင်ငံရေးအရ အားပြိုင်မှုတွေ ပိုပြီး များလာနိုင်လို့ ဖြစ်ပါတယ်။
တကယ်လို့ ဆက်ဆံရေးတွေ ပြန်လည် ကောင်းမွန်လာမယ် ဆိုရင်တော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုအတွက် အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်။
ref: The Nation
—————————
THN Public Media
