THN Public Media Blog သတင်း နိုင်ငံရေး သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
နိုင်ငံရေး ပြည်တွင်း

သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဧပြီ ၃ – ၂၀၂၆

ဒီကနေ့ ပြည်‌ထောင်စုလွှတ်တော်ကနေ သမ္မတ အဖြစ် မဲပေး ရွေးချယ် လိုက်တဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို UWSA က ဂုဏ်ယူဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။

———————-

ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ

လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ မင်းအောင်လှိုင်

မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရကြောင်းကို ဝမ်းမြောက်စွာ ကြားသိရပါသည်။ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ “၀” ပြည်နယ် ပြည်သူ့အစိုးရ၊ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်နှင့် “၀” ပြည်နယ် ရှိ ပြည်သူများအားလုံးမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

သမ္မတကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏လုံခြုံမှု၊ အေးချမ်း သာယာမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူမှုစီးပွား တည်ငြိမ်တိုးတက်ရေးအတွက် များစွာသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ပြီး ထူးခြားသော အောင်မြင်မှုများရရှိခဲ့ပါသည်။

ဤကဲ့သို့သော ဆောင်ရွက်မှုများနှင့် ဂုဏ်ဒြပ်များသည် မှတ်သားချီးကျူးထိုက်ပေသည်။

“၀” ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ်ရေးကို ကြေညာခြင်းမရှိစေရန် အခိုင်အမာရပ် တည်ထား ပါသည်။ “၀” ပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လျှောက်လှမ်းရန် စွဲမြဲစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ် အေးချမ်းမှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံတော်၏ မူဘောင်အောက်တွင်ပြည်ထောင်စုအစိုးရနှင့် ဆက်လက်ဆက်သွယ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်သွားကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို အတူတကွ တွန်းအားပေး ဆောင်ရွက် သွားပါမည်။

သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော်သည် ငြိမ်းချမ်း တည်ငြိမ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသား ပြည်သူအားလုံး သာယာဝပြောမှုတို့ကို အမြန်ဆုံး ရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်။

သမ္မတကြီးနှင့်အတူ မိသားစုဝင်များအားလုံး ကျန်းမာပါစေကြောင်းနှင့် နိုင်ငံတော် ငြိမ်းချမ်း သာယာဝပြောပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ

မြန်မာနိုင်ငံ အထူးဒေသ (၂) “ဝ” ပြည်နယ် ပြည်သူ့အစိုးရ

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version