နိုင်ငံရေး

သမ္မတဦးဝင်းမြင့်ကို NUCC က ပထမဆုံးကြိုဆို

Screenshot

ဧပြီ ၁၇ – ၂၀၂၆

သမ္မတ ဦးဝင်းမြင့် လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ အပေါ် အမျိုးသားညီညွတ်‌ရေး အတိုင်ပင်ခံကောင်စီ NUCC က ကြိုဆိုလိုက်ပြီး NUCC ဟာ ပထမဆုံး ကြိုဆိုတဲ့ အဖွဲ့အစည်းဖြစ်လာပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတလည်း ဖြစ်ပေမယ့် NUG ကတော့ အခုအချိန်အထိ သဘောထားထုတ်ပြန်ခြင်း မရှိသေးပါ။

NUCC ရဲ့ ကြိုဆိုကြောင်းထုတ်ပြန်ချက် အပြည့်အစုံ

——————————–

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာ

ရက်စွဲ။ ။၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်။

၁။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူလူထုမှ ဒီမိုကရေစီ နည်းလမ်းကျ အပ်နှင်းထားသော နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေစဉ် အကြမ်းဖက် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ရေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန် ပြီး မတရား ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

၂။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေဖြင့် ကျန်းမာစွာဖြင့် မိသားစုနှင့် ပြန်လည်ဆုံဆည်းရသည်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ပြည်သူလူထုနှင့် ထပ်တူများစွာ ဝမ်းမြောက်ရပါသည်။

၃။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ သမ္မတဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက တရားဝင် ဆက်လက် အသိအမှတ်ပြု ထားဆဲ ဖြစ်သည်။

၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။

၅။ ထို့အပြင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီသည် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ပြည်သူတရပ်လုံး၊ တော်လှန်ရေး အင်အားစု အားလုံးနှင့် အတူလက်တွဲ၍ နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

တော်လှန်ရေးသစ္စာဖြင့်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *