ဧပြီ ၂၁ – ၂၀၂၆
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နောင်ပကျစ် ဆိပ်ကမ်းမြစ်လယ် မှာ မနေ့ ဧပြီ ၂၀ ညနေ ၆ နာရီကျော်မှာ ဖြစ်ပွားခဲ့တဲ့ စက်သုံးဆီရေယာဉ်တွေ မီးလောင်မှုမှာ လူ ၃ ဦး သေဆုံးသွားပြီး တခြား လူ ၃၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။
မြစ်လယ်မှာ ဆီရေယာဉ် ဆီဖြည့်ရာကနေ အစီး ၂၀ ကျော် မီးလောင် ကျွမ်းခဲ့တာ ဖြစ်ပြီး ဒီကနေ့ နေ့လည် ၁၂ ကျော်မှာတော့ မီးထိန်းနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
“ကျွန်တော်တို့နဲ့နီးပါတယ်။ လောလောဆယ်တော့ တွေ့မြင်ရတာတော့ ဘော်ဒီသုံးလောင်းတော့တွေ့တယ်။ ဒဏ်ရာရရှိတာ တော်တော်များတယ်။ ဆေးရုံးမှာဆို ၃၀ ကျော် ၄၀ လောက်ရှိမလားပဲ။ ဘာလို့လည်းဆိုတော့ ပေါင်ကျိုးတဲ့သူနဲ့ ခြေကျိုး၊ လက်ကျိုးတွေလည်းရှိတယ်။ မော်တော်က ဆီဖြည့်ရင်း ဆီချိန်ရင်းနဲ့ ဆီပန့်ရိုက်ပြီး ပေါက်ကွဲလောင်တာလို့တော့ သိရသည်။ မီးလောင်တော့ ကြိုးပြတ်ပြီး ရေလယ်ကိုမျှောသွားတာ။” လို့ မြို့ခံတဦးက ပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ စက်လှေတစီးကို (ကုန်မပါ) တန်းဖိုးငွေ သိန်း ၇၀၀၀ မှ သိန်း ၁၀၀၀၀၀ ဝန်းကျင် အထိရှိကြောင်း သိရပါတယ်။
နယ်မြေခံ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့
“အခုအချိန်ထိတော့ ဆုံးရှုံးမှုတွေကို ဘာကိုမှအတည်ပြုလို့မရသေးပါဘူး။ လောလောဆယ်က မီးထိန်းနိုင်တာပဲရှိပါသေးတယ်။ ဘာမှတော့ မပြီးသေးဘူး။ ဌာနကိုလည်း တင်ပြလို့မရသေးဘူး။ မီးသတ်ကားတွေ ပတ်ပြေး နေရတုန်းပါ။ မီးလောင်တဲ့ အထဲမှာ ကားမီးလောင်တာမရှိပါဘူး။ ဘာကားတစီးမှ မီးလည်းမလောင်ပါဘူး။ ကားတစီးဆို အကောင်းတိုင်း ထွက်သွားပါပြီဗျ။” လို့ ပြောပါတယ်။
မနေ့ ဧပြီ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ဧပြီ ၂၁ ရက် နေ့လည် ၁၂ နာရီကျော်မှသာ မီးထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
Crd – ယနေ့ခေတ်
ဓာတ်ပုံ-ဦးဇောဟုမ္မလင်း
—————————
THN Public Media
