နိုင်ငံတကာ

ဟော်မုဇ်ကို ထရမ့်ရဲ့ ပိတ်ဆို့မှု အန္တရာယ်ရှိတယ်လို့ပြောပြီး တရုတ်ရှုတ်ချ

ဧပြီ ၁၄ – ၂၀၂၆

အမေရိကန်က ဟော်မုဇ်ရေလက်ကြားမှာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှု တွေ စတင် လိုက်ပေမဲ့ အီရန်နဲ့ ပတ်သက်နေတဲ့ သင်္ဘောတွေဟာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနေကြပြီး တဘက်မှာလည်း တရုတ် နိုင်ငံ က ထရမ့်ရဲ့ ပိတ်ဆို့မှုကို အန္တရာယ် ရှိတယ် လို့ ဝေဖန်လိုက် ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန က အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ လိုက်တာဟာ အန္တရာယ်ရှိပြီး တာဝန်မဲ့ရာကျတယ် လို့ ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်တာပါ။

ဒီလုပ်ရပ်ဟာ တင်းမာမှုတွေကို ပိုပြီး ဆိုးရွား လာစေလိမ့်မယ် လို့လည်း တရုတ် ပြောရေးဆိုခွင့်ရှိသူက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှု စတင်ခဲ့ပြီးနောက် အင်္ဂါနေ့မှာပဲ အီရန်ဆိပ်ကမ်း တွေကို သွားရောက်ခဲ့တဲ့ သင်္ဘောနှစ်စင်း အပါအဝင် အီရန်နဲ့ ပတ်သက်မှု ရှိတဲ့ သင်္ဘော အနည်းဆုံး လေးစင်းဟာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော် ခဲ့ကြပါတယ်။

ဒါ့အပြင် တခြားအရေးပါတဲ့ ကုန်သွယ်သင်္ဘော အနည်းဆုံး ၃ စင်း လောက်လည်း အဲဒီ ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြတာပါ။

ဝါရှင်တန်ရဲ့ ပိတ်ဆို့မှုဟာ တနင်္လာနေ့ကတည်းက စတင်အသက်ဝင်ခဲ့ တာပါ။

အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကတော့ အီရန်ဟာ စီးပွားရေး ဆိုင်ရာ အကြမ်းဖက်မှု တွေ လုပ်နေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီကစားပွဲကို နှစ်ယောက်လုံး ကစားလို့ရတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ် ကတော့ အီရန်ဆိပ်ကမ်း မဟုတ်ဘဲ တခြားဆိပ်ကမ်း တွေကို သွားမယ့် သင်္ဘောတွေ ရေလက်ကြားကို အသုံးပြုတာ ကိုတော့ နှောင့်ယှက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အီရန်ဘက် ကတော့ ဒီပိတ်ဆို့မှုဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ဟာ အီရန်ဆိပ်ကမ်းတွေဆီကို စစ်သင်္ဘောတွေ တိုက်ရိုက် လွှတ်မှာ မဟုတ်ဘဲ အိန္ဒိယသမုဒ္ဒရာ ထဲမှာတင် သင်္ဘောတွေကို တားဆီး စစ်ဆေးတာမျိုး လုပ်ဆောင် သွားနိုင်တယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *