–
မင်နီဆိုးတားမှာ လူဝင်မှုကြီးကြပ်ရေး အရှိန်မြှင့် နှိမ်နင်းမှုတွေ အဆုံးသတ် တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် နယ်စပ်ရေးရာ အရာရှိချုပ် Tom Homan က ကြာသပတေးနေ့က ပြောကြား လိုက်ပါတယ်။
စစ်ဆင်ရေးအတွင်း စာရွက်စာတမ်း မပြည့်စုံတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ အဲဒီအထဲမှာ မုဒိမ်းမှုနဲ့ တခြား လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ကျ ခံထားရသူတွေ ပါဝင်တယ်လို့ ပြောပါတယ်။
အခုလို အပြင်းအထန်နှိမ်နင်းမှုတွေ အဆုံးသတ်မယ် ဆိုပေမယ့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) အနေနဲ့ မင်နီဆိုးတား မှာ အမြဲတမ်း တပ်ဖြန့်ထားမှုရှိပြီး၊ နောင်တွင်လည်း ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း ဖြစ်ကြောင်း Tom Homan က ပြောကြားခဲ့ပါတယ်။
———–
မင်နီဆိုးတား ပြည်နယ် မီနာယာပိုလစ် မြို့မှာ အပြင်းအထန် ဖမ်းဆီး နှိမ်နင်းမှုတွေ အတွင်း အဲဒီမြို့ကို ၂၀၂၅ နှစ်ဦးပိုင်းမှာ ဒုက္ခသည် အနေနဲ့ အမေရိကန်က ခေါ်လို့ ရောက်ရှိသွားတဲ့ ကိုအောင်ခိုင်တို့ ဇနီးမောင်နှံ ကတော့ ICE ဖမ်းမှာစိုးတဲ့ အတွက် အလုပ်က ခွင့်ယူထားပြီး အိမ်တွင်း ပုန်းနေတယ်လို့ ပြောပါတယ်။
သမ္မတ ထရမ့်ရဲ့ တရားမဝင် ဝင်ရောက်လာသူတွေ နှိမ်နင်းရေး အတွက် ICE တပ်ဖွဲ့တွေရဲ့ ရှာဖွေ ဖမ်းဆီး မှုတွေ နဲ့ ပတ်သက်ပြီး မီနာယာပိုလစ် မြို့မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကိုအောင်ခိုင်ကို ဇန်နဝါရီလတုန်းက မေးမြန်းထားပါတယ်။
–
#ကိုအောင်ခိုင် ခင်ဗျာ မင်နီဆိုးတား ပြည်နယ် မီနာယာပိုလစ် မြို့မှာ အဖမ်းအဆီးတွေ ကြမ်းတယ်ကြားတယ် နောက်ဆုံးအခြေအနေ သိပါရစေ။
#ဖြေ – နောက်ဆုံးအခြေအနေကတော့ ဒီမှာ ရွှေ့ပြောင်းအခြေချ နေထိုင်သူ အားလုံးရော refugee status နဲ့လာတဲ့သူတွေကော၊ နောက် asylum pending သမားတွေ ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးနေတာတွေ ရှိတယ်။
မြန်မာနိုင်ငံသား ၅ ဦးဖမ်းဆီးခံရပြီး ၃ ဦးပြန်လွတ်လာတယ်လို့ သိရတယ်။ အဲဒီ ၃ ဦးက refugee status နဲ့ အမေရိကန်ကို ရောက်လာတယ်။ ကျန်တဲ့ Taxes က ထိန်းသိမ်းရေးစခန်းမှာ asylum pending ၂ ဦး သတင်းကတော့ မကြားသေးဘူး။
သတင်းမီဒီယာမှာ ပျံ့သွားတဲ့ ဓါတ်ပုံအရ ဗီဒီယို အရရော ကရင် အမျိုးသမီး ကလေးတယောက်ရဲ့ မိခင် သူ့နေအိမ်မှာပဲ ဖမ်းဆီးခံရတဲ့ အမျိုးသမီးကတော့ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်မှာပဲ အဲဒီ Taxes ထိန်းသိမ်းရေးစခန်း ကနေ ပြန်လွတ်တယ်လို့ သတင်းကြားရတယ်။
ဒါပေမယ့် မင်နီဆိုးတား ပြည်နယ်ကိုတော့ ရောက်မလာသေးဘူးပေါ့ နော်…။ အဲလို လက်ရှိတော့ သတင်းကြားရတယ်။
–
#မေး – ကိုအောင်ခိုင် ကရော ဘယ်လို status နဲ့ ရောက်လာတာလဲ။
#ဖြေ – refugee status နဲ့ ၂၀၂၅ မှာရောက်တာပေါ့ ဂရင်းကတ် မလျှောက်ရ သေးဘူး… လျှောက်ဖို့ရာလည်း ဖေဖေါ်ဝါရီလောက်မှ appointment ရမယ် ထင်တယ်။
ဒီကြားထဲမှာ လျှောက်လို့ မရသေးတာ… ကိုယ်လည်း သွားလို့ လာလို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်တာပေါ့။ ဒါကြောင့် မလျှောက်ရသေးဘူး… refugee ကိုပေးထားတဲ့ travel document ဖြစ်တဲ့ ဖေါင် ကျွန်တော်တို့မှာ ရှိတယ်… ဒါက ရုံးကနေ ထုတ်ပေးထားတဲ့ ခရီးသွား လက်မှတ်ပေါ့ ဒါက ဒီစာရွက်ပြတယ်ဆိုရင် ICE ရဲ့ ဖမ်းဆီးတာ မခံရဘူးလို့ ပြောကြတယ် ဆိုပေမယ့် လည်း… လက်တွေ့မှာ ဒီ ဖေါင် ပြရင်းနဲ့ ပြလည်းပဲ အဖမ်းခံ ရတာ ဆိုတော့…
တခြားပြည်နယ်မှာ ဖေါင် ပြလို့ရှိရင် အဖမ်းမခံရပေမယ့် မင်နီဆိုးတား ပြည်နယ်မှာတော့ ဖေါင် ပြလည်း ရှိလည်း ဖမ်းတာပဲ…
ဒီလို အခြေအနမျိုးတော့ ရင်ဆိုင်ရတယ်… ဒီမှာရောက်နေတဲ့ မြန်မာပြည်သားတွေ refugee status နဲ့ ရောက်နေတာဖြစ်စေ… asylum pending သမားတွေပဲ ဖြစ်စေ မြန်မာနိုင်ငံက လာတဲ့ အားလုံးကတော့ အခုအချိန်မှာ ကျီးလန့်စာ စားနေရတဲ့ အခြအနေမျိုးပေါ့နော်…
တချို့တွေက အလုပ်တွေကို ခေတ္တခွင့်ယူထားတယ်.. တချို့က မဖြစ်မနေ သွားမှ ရမယ်… အလုပ်ရှာဖို့ ခက်တယ်… ဆိုတဲ့ သူတွေကတော့ အရဲစွန့်ပြီး သွားကြတယ်ပေါ့… အဲလို အခြေအနေတော့ ရှိတယ်။
–
#မေး – ကိုအောင်ခိုင်ကရော လက်ရှိအခြေအနေမှာ ဘယ်လို နေထိုင်နေလဲ… အလုပ်သွားလား ပုံမှန်ပဲလား…
#ဖြေ – ကျွန်တော်တို့ကတော့ အလုပ်ကနေ ခွင့်ယူထားတာ… ကျွန်တော်တို့ အလုပ်ရှင်နဲ့ ကျွန်တော်တို့ ကြားထဲမှာ ဆက်ဆံရေး တခုရှိတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့က လက်ရှိ ဖမ်းဆီးမှုတွေ မရပ်သေး သ၍ ကာလ တခု အထိ ကျွန်တော်တို့ကတော့… အလုပ်မဆင်းသေးဘူးပေါ့နော်… လက်တလောတော့ မဆင်းဘူး ဒါပေမယ့်လည်း ဒါက ရေရှည်တော့ မဟုတ်ဘူးပေါ့… နောက်လတွေ ဆိုရင်တော့ ကျွန်တော်တို့လည်း ပြန်ဆင်း ရတော့မှာ… မဖြစ်မနေ ပြန်ဆင်းရတော့မှာ… ရေရှည်မဆင်းလို့မှ မရတာ… လစဥ် payment တွေ ရှိတာကို ဒီ payment တွေ ပေးဖို့ အတွက် သေချာပေါက် ပြန်ဆင်းရမှာပေါ့နော်…
–
#မေး – မဖြစ်မနေ အလုပ်ပြန်လုပ်လို့ အိုက်စ် နဲ့တွေ့ပြီ… ဖမ်းမယ် ဆီးမယ်ဆို ဘယ်လို ရင်ဆိုင် မလဲ… ဘယ်လို ပြင်ဆင်ထားလဲ…
#ဖြေ – အဓိက ကျွန်တော်တို့ immigration လဝက ရှေ့နေ ငှားထားတာ ရှိတယ်… တခြား ကျွန်တော်တို့နဲ့ ရင်းနှီးရာ ကွန်မြူနတီ က အကူအညီ ပေးတာတွေ ရှိတယ်,,, နောက် ဒီ အမေရိကန်နိုင်ငံသားတွေရဲ့ ကူညီ ထောက်ပံ့မှု တွေရှိတယ်..
အာရှကွန်မြူနတီ ရဲ့ အကြံပေးမှုတွေ ရှိတယ်.. ကရင်ကွန်မြူနတီ က အကူအညီပေးမှုတွေ ရှိတယ်…
အဲဒီကွန်မြူနတီ တွေကပဲ ချိတ်ဆက်ပြီး… ကျွန်တော်တို့ ICE ရဲ့ ဖမ်းဆီးခြင်း ခံရရင် ဆက်သွယ်ရမယ့် ရှေ့နေပေါ့ ….. လဝက ရှေ့နေ အဲရှေ့နေကိုပဲ ကိုယ် အဖမ်းခံရတယ်ဆို သူ့ကိုပဲ… မရ ရအောင် ဆက်သွယ်ရမှာ… ဒါမှမဟုတ်ရင် အိမ်က မိသားစု ဆက်သွယ်…
ဒီနည်းတနည်းပဲ ရှိတယ် တခြားနည်းကတော့ လက်တလော ဖြေရှင်းဖို့ မရဘူးပေါ့…
–
#မေး – တခြားဗမာတွေရော ဘာကြားလဲ… အခက်အခဲရှိနေကြလား…
#ဖြေ – တခြားသူတွေလည်း အလားတူပဲ အရဲစွန့်ကြတယ် … ဥပမာ လင်မယား ၂ ယောက်ရှိရင် တယောက်က အရဲစွန့်ပြီး သွားရတာပေါ့… တယောက်တော့ အိမ်မှာပဲနေ… တချို့ကလည်း လုံးလုံး မသွားတာ မျိုးတွေ ရှိတယ်… တယောက်နဲ့ တယောက် မတူဘူးပေါ့…
ဒီကာလ ကြီးကို ဘယ်လို့ ဖြတ်ကျာ်ရမလဲ ဆိုတာ… လူတယောက်နဲ့ တယောက် က ပေးထားချက်တွေ မတူတော့… တချို့ ဖြတ်သန်းပုံချင်းလည်း မတူညီဘူးပေါ့… အဲဒါပြောရ ခက်တာပေါ့
–
#မေး – ထိုင်းမှာ နေရတာ ရဲဖမ်းမှာ ကြောက်ရသလို… အခုလည်း အမေရိကား မှာ refugee status နဲ့ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ နိုင်ငံမှာလည်း အဲလို့ ဆိုတော့ ခံစားမှုက ဘယ်လို ဖြစ်နေလဲ..
#ဖြေ – အထဲမှာလည်း ပြေးလိုက်လွှားလိုက် နေနေရတော့ သိပ်အရမ်းကြီး တော့ ဘာမှတော့…. ကိုယ်ကလည်း ဒီရောက်တာ တနှစ်လောက်ပဲ ရှိသေးတော့ သိပ်ပြီးထူးပြီးတော့ မခံစားရပါဘူး’’
ဒါပေမယ့် ကိုယ်ထင်ခဲ့တာတော့ ငါဒီရောက်ရင် အလုံးစုံ လွတ်မြောက် ပြီလို့…ထင်ခဲ့တာ… တကယ် တကယ်ကျ မလွတ်မြောက်ဘူးလို့ ခံရစားရတယ်…
မြန်မာပြည်က လူတွေနဲ့ ယှဥ်မယ်ဆိုရင် ကျွန်တော်တို့က ဒီမယ် အသက် အရတော့ အာမခံချက် ရှိသေးတယ်ပေါ့
(ဒီမှာ) ဖမ်းဆီးခံရပေမယ့် အသက်အရ ကတော့ လွယ်လင့်တကူ လုပ်ချင်တိုင်း လုပ် ကြက် ကလေး ငှက်ကလေးလို သတ်ဖြတ်လိုက်တာ လိုမျိုး မခံရနိုင်ဘူး…
မြန်မာပြည်မှာက စစ်တပ်က ဖမ်းသွားရင် အသက်အာမခံချက်က လုံးဝ မရှိတော့ဘူး…
မြန်မာပြည်သူလူထု တွေနဲ့ ယှဥ်လိုက်ရင် ကျွန်တော်တို့က ခံစားရတာက သေးသေးလေးပါ…
–
#မေး – ICE တွေက ဘယ်သူတွေကို ဘယ်လိုအခြေအနေ ရှိတဲ့သူတွေကို ဖမ်းနေတာလဲ
#ဖြေ – ICE က ဘယ်သူရယ်လို့ မဟုတ်ဘူး ကြုံတဲ့သူ ဖမ်းတာ၊ လူဖြူမဟုတ်တဲ့သူတွေ၊ အင်္ဂလိပ်လို ပြောရင် အမေရိကန် လေသံ မျိုး မဟုတ်တဲ့သူတွေ ကို ဖမ်းတယ်… နောက် နိုင်ငံသား ဖြစ်တယ်ဆိုရင် သူတို့ ပြန်လွှတ်တယ်… တကယ်လို့ နိုင်ငံသား မဟုတ်ဘူး ဆိုရင်တော့… မေးမြန်း ထိန်းသိမ်း ဖမ်းသွားတယ်ပေါ့…
အခု မြန်မာ ၅ ယောက်ဆိုတာ မြန်မာကွန်မြူနတီ ကပဲ.. တခြားသူတွေ ဒီ မီနာယာပိုလစ် နဲ့ စိန့်ပေါမှာ နေ့စဥ် အဖမ်းခံနေရတာ… အာဖဂန်၊ ဆိုမာလီ တခြား မက္ကဆီကန်တွေ တခြား နိုင်ငံတွေက သူတွေ နေ့စဥ် ဖမ်းဆီးခံရတာ ရှိတယ်..ကျွန်တော် ထင်တာ အမေရိကန်က ဗီဇာ ဘန်း ထားတဲ့ နိုင်ငံတွေ ကို ပိုပြီးတော့ တားကက် ထားတယ်လို့ ယူဆတယ်…
—
#မေး – ထရမ့်မူက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ဖမ်းပြီးပြန်ပို့မယ်… နောက် ၂၀၂၁ နောက်ပိုင်း ရောက်လာတဲ့ ဒုက္ခသည်တွေကို ပြန်စစ်မယ်…ဒါဆို ရွှေ့ပြောင်းဝင်ရောက်သူ အကုန်လုံးကို ဖမ်းရမလို ဖြစ်နေတာပေါ့…
#ဖြေ – အဲလို အခြေအနေမျိုးဖြစ်တာပေါ့… နော်
–
#မေး – ပစ်ခတ်လို့ ၂ ယောက် သေဆုံးမှုမှာ ဘယ်လောက် ဂယက်ရိုက် နေလဲ…
#ဖြေ – ဆန္ဒပြမှုတွေကတော့ နေ့စဥ်ပြနေတာပဲ… ဒုတိယ တယောက်ကို ပစ်သတ်တာနဲ့ အကုန်လုံး သိမ်းကြုံး ဖမ်းနေတာတွေကို ရပ်တန့်ဖို့ အတွက် ပြနေကြတာ… အဲဒါတော့ နေ့စဥ်ရက်ဆက်ပဲ… လူများတာနဲ့ နည်းတာပဲ ကွာသွားတယ်…
နောက်တခုက လေဆိပ်နားမှာ ရှိတဲ့ ဖက်ဒရယ် အဆောက်အအုံ၊ အဲဒီမှာ iCE ရဲ့ ဌာနချုပ်လို့ လုပ်ထားတာ… အဲဒီမှာတော့ ဆန္ဒပြတာတွေ ညတိုင်း လိုလို နည်းမျိုးစုံနဲ့.. ရှိတယ်…
ဆန္ဒပြပွဲတွေမှာ ဘာသာရေးခေါင်းဆောင်တွေလည်း ပါတယ်… သူတို့လည်း အဖမ်းခံရတယ်ကြားတယ်…
အမေရိကန် စံတန်ဖိုးတွေ လျော့လာတဲ့ အတွက် အမေရိကန် တွေ ကိုယ်တိုင် ဆန္ဒပြနေကြတာ…
–
#မေး – ပစ်ခတ်မှုက ခြောက်လှန့်ပစ်တာ မဟုတ်ဘဲ အသေပစ် တာ ဆိုတော့ သူတို့ အနေနဲ့ ပစ်ခတ်မှု အခွင့်အာဏာကို ဘယ်လောက် ရထားကြလဲ… ဘယ်လိုသိထားလဲ
#ဖြေ – နိုင်ငံရေးအရကြည့်ရင် ဒါက အာဏာကျော်လွန်ပြီး လုပ်ဆောင် တာလို့ ပြောလို့ရတယ်… သူတို့က ခုခံကာကွယ်တာ ပြောပေမယ့် အသေ ပစ်သတ် တာပဲ…
–
#မေး – အခုလို အလုပ်တောင်မသွားရဲပဲ နေနေရတဲ့ အခြေအနေအောက်မှာ ကိုယ့်ရဲ့ အမြင်ကို ဘယ်လိုပြောလိုလဲ
#ဖြေ – ဒါက နိုင်ငံရေး ပြဿနာပါပဲ… ကမ္ဘာကြီးမှာ အာဏာရှင်တွေ ခေါင်းထောင် လာတာ ဖြစ်လို့… အာဏာရှင်တွေ ချုပ်ငြိမ်းမှပဲ အသက်ကို ကောင်းကောင်းရှူလို့ရမယ်… ကမ္ဘာကြီးရဲ့ အခြေအနေပဲ… ဘယ်ဒေသ ဘယ်နေရာမဆို…
—————————
THN Public Media
