သဘာဝပတ်ဝန်းကျင်

ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေ နိုင်တယ်ဆိုတဲ့ အိုဘားမား လက်ထက်က သမိုင်းဝင် ဆုံးဖြတ်ချက်ကို ထရမ့် ပယ်ဖျက်

US President Donald Trump speaks at a “Champion of Coal” event at the White House in Washington, DC, on February 11, 2026. (Photo by SAUL LOEB / AFP via Getty Images

ဖေဖေါ်ဝါရီ ၁၃ – ၂၀၂၆

ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထိန်းချုပ်ဖို့ အိုဘားမား လက်ထက်က သိပ္ပံနည်းကျ အဓိက ကျတဲ့ ဆုံးဖြတ်ချက် တခုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောင်းပြန်လှန်လိုက်ပြီ ဖြစ်ပါတယ်။

အန္တရာယ်ရှိကြောင်း တွေ့ရှိချက် လို့ ခေါ်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ အမျိုးမျိုးဟာ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း ၂၀၀၉ ခုနှစ် က ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် မော်တော်ယာဉ်တွေက ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ ဖက်ဒရယ် အစိုးရရဲ့ ကြိုးပမ်းမှုတွေ အတွက် ဥပဒေကြောင်း အရပါ အခြေခံ ကျောရိုး ဖြစ်လာခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ အခုလို ပယ်ဖျက်မှုကို “အမေရိကန် သမိုင်း တလျှောက် အကြီးမားဆုံးသော စည်းမျဉ်းများ လျှော့ချမှု” လို့ ခေါ်ဆိုခဲ့ပြီး အခုလို ပယ်ဖျက်မှုကြောင့် ကားစျေးတွေ သက်သာလာပြီး မော်တော်ယာဉ် ထုတ်လုပ်သူတွေ အတွက် တစီးကို ဒေါ်လာ ၂၄၀၀ လောက် ကုန်ကျစရိတ် သက်သာသွားစေမယ်လို့ ပြောကြားခဲ့ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ ဒီလုပ်ရပ်ဟာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေကို နောက်ပြန်ဆွဲဖို့ ကြိုးပမ်းချက်တွေ ထဲက သိသာ ထင်ရှားဆုံး လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုကြပြီး တရားရုံးတင်ဖို့ ပြင်ဆင်နေကြပါတယ်။

ကြာသပတေးနေ့က အိမ်ဖြူတော် ဘဲဥပုံရုံးခန်း ကနေ ပြောကြားရာမှာ ထရမ့်က ၂၀၀၉ ခုနှစ် ဆုံးဖြတ်ချက်ဟာ “အမေရိကန် မော်တော်ယာဉ် လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေပြီး အမေရိကန် ကားဝယ်သူတွေ အတွက် စျေးနှုန်းကို အဆမတန် မြင့်တက်စေခဲ့တဲ့ ကပ်ဘေးသင့်စေတဲ့ အိုဘားမားခေတ် မူဝါဒတခု” ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တွေရဲ့ ရာသီဥတု ဆိုင်ရာ အစီအစဉ် တွေနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် က “ဒီအစွန်းရောက် စည်းမျဉ်းဟာ သမိုင်းမှာ အကြီးမားဆုံး လိမ်လည်မှုတွေထဲက အစိမ်းရောင် လိမ်လည်မှုအသစ် (Green New Scam) ဖြစ်ပြီး ဥပဒေကြောင်းအရ အခြေခံအုတ်မြစ် ဖြစ်လာခဲ့တယ်” လို့ ပြောပါတယ်။

လက်ရှိ အာဏာရ သမ္မတတွေရဲ့ မူဝါဒတွေ အပေါ် မှတ်ချက်ပေးလေ့ မရှိတဲ့ သမ္မတဟောင်း ဘားရတ်အိုဘားမားကတော့ အခုလို ပယ်ဖျက် တာဟာ အမေရိကန်ပြည်သူတွေကို ထိခိုက်မှုတွေ ပိုမို ဖြစ်လွယ်စေလိမ့် မယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒါမရှိရင် ကျွန်တော်တို့ဟာ ဘေးကင်းမှု လျော့နည်းလာမယ်၊ ကျန်းမာရေး ပိုညံ့ဖျင်းလာမယ်၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်စွမ်း လျော့နည်း သွားမယ် – ဒါတွေအားလုံးဟာ ရုပ်ကြွင်းလောင်စာ လုပ်ငန်းရှင်တွေ ပိုပြီး ငွေရှာနိုင်ဖို့အတွက်ပဲ ဖြစ်တယ်” လို့ သူ့ရဲ့ X မှာ ရေးသားခဲ့ပါတယ်။

ထရမ့်အစိုးရ တာဝန်ရှိသူတွေကတော့ ဖန်လုံအိမ် ဓာတ်ငွေ့ ထိန်းချုပ်ဖို့ စည်းမျဉ်းကို ပယ်ဖျက်လိုက်ခြင်း အားဖြင့် ဒေါ်လာ ၁ ထရီလီယံကျော် သက်သာစေမှာ ဖြစ်ပြီး စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး စျေးနှုန်းတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ကြောင်း အလေးပေး ပြောဆိုနေကြပါတယ်။

Ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *