THN Public Media Blog သတင်း နိုင်ငံရေး အမေရိကန်အဆိုပြုချက် အပေါ် အီရန်တုံ့ပြန်မှုကို “လုံးဝလက်ခံနိုင်စရာမရှိဘူး” ဆိုပြီး ထရမ့်ပယ်ချ
နိုင်ငံရေး

အမေရိကန်အဆိုပြုချက် အပေါ် အီရန်တုံ့ပြန်မှုကို “လုံးဝလက်ခံနိုင်စရာမရှိဘူး” ဆိုပြီး ထရမ့်ပယ်ချ

မေလ ၁၁ – ၂၀၂၆

ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံက တဆင့် ပေးပို့လာတဲ့ အီရန်ရဲ့ အဆိုပြုချက် ထဲမှာ စစ်မျက်နှာအားလုံး စစ်ပွဲ ချက်ချင်းရပ်တန့်ဖို့၊ အီရန် ဆိပ်ကမ်း တွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားတာကို ရပ်တန့်ဖို့နဲ့ အီရန်အပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ အာမခံချက် ပေးဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြ ပါတယ်။

ထရမ့်ကတော့ သူရဲ့ Truth Social မှာ “အီရန်ရဲ့ ကိုယ်စားလှယ် ဆိုသူ တွေဆီက တုံ့ပြန်မှုကို ကျွန်တော် ခုလေးတင် ဖတ်ပြီးပါပြီ။ ကျွန်တော် သဘောမကျဘူး၊ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ရေးသားခဲ့ပါတယ်။

အီရန်အစိုးရပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ တီဟီရန်ရဲ့ အဆိုပြုချက် ထဲမှာ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အတွက် လျော်ကြေး တောင်းဆို တာနဲ့ ဟော်မုဇ်ရေ လက်ကြား အပေါ် အီရန်ရဲ့ အချုပ် အခြာ အာဏာကို အလေးပေး ဖော်ပြတာတွေ ပါဝင်ပါတယ်။

အမေရိကန်ရဲ့ ၁၄ ချက်ပါ အဆိုပြုချက်ထဲမှာတော့ အီရန်ရဲ့ နျူကလီးယား သန့်စင်မှုကို ဆိုင်းငံ့ဖို့၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့နဲ့ ဟော်မုဇ် ရေလက်ကြား ကို လွတ်လပ်စွာ ဖြတ်သန်းခွင့် ပြန်ပေးဖို့ စတဲ့ ပြဋ္ဌာန်းချက် တွေ ပါဝင်တယ်လို့ အမေရိကန်သတင်းဌာန Axios က ဖော်ပြပါတယ်။

အီရန်ဟာ မဟာဗျူဟာမြောက် ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ ထားဆဲဖြစ်ပြီး ဒါဟာ ကမ္ဘာ့ရေနံဈေးနှုန်းတွေကို မြင့်တက်စေပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်းခန့်ဟာ ဒီရေလက်ကြားကို ဖြတ်သန်းသွားလာနေတာပါ။

ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အီရန်စစ်ပွဲ အဆုံး သတ်စေရေး အပစ်အခတ် ရပ်စဲထားမှုဟာ ရံဖန်ရံခါ ပစ်ခတ်မှုတွေ ရှိနေ ပေမဲ့ အများအားဖြင့်တော့ တည်ရှိ နေဆဲ ဖြစ်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာတော့ သမ္မတထရမ့်က အီရန်စစ်ပွဲဟာ “မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားမှာပါ” လို့ ထပ်လောင်း ပြောကြားခဲ့ ပါတယ်။

ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ အီရန်စစ်ပွဲ ပြီးဆုံးပြီ လို့ မသတ်မှတ်ခင်မှာ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယမ် သိုလှောင်မှု တွေကို ဖယ်ရှားပစ်ရမယ် လို့ ဆိုပါတယ်။

“ဖျက်သိမ်းပစ်ရမယ့် ယူရေနီယမ် သန့်စင်တဲ့ နေရာတွေ ရှိနေပါ သေးတယ်” လို့ နေတန်ယာဟုက CBS ရဲ့ 60 Minutes အစီအစဉ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version