နိုင်ငံတကာ

အမေရိကန် နဲ့ အစ္စရေး တို့ရဲ့ အီရန်ကို တိုက်ခိုက်မှု အတွင်း အီရန်က သေဆုံးသွားတဲ့ ကျောင်းသူ လေးတွေ အပါအဝင် လူ ၁၅၀ အတွက် စျာပန ကျင်းပ

မတ်လ ၄ – ၂၀၂၆

အီရန်နိုင်ငံတောင်ပိုင်း မိနပ် Minab မြို့ မိန်းကလေး စာသင်ကျောင်း တခု တိုက်ခိုက်ခံရမှု ကြောင့် သေဆုံးခဲ့ရသူတွေ အတွက် ဈာပန အခမ်းအနား ကို မနေ့ မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန် နဲ့ အစ္စရေးတို့ရဲ့ အီရန် စစ်ဆင်ရေး မှာ လေကြောင်း ကနေ တိုက်ခိုက် ခံရတာ ဖြစ်တယ်လို့ ဇီယွန်ဝါဒီအဖွဲ့ က ပြောပါတယ်။

စနေနေ့က စတင်ခဲ့တဲ့ ပဋိပက္ခ အတွင်းမှာ ကျောင်းသူလေးတွေ အပါ အဝင် လူပေါင်း အနည်းဆုံး ၁၅၀ ခန့် သေဆုံးခဲ့ရတဲ့ ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ အသေအပျောက် အများဆုံး ဖြစ်ရပ် တခု ဖြစ်တယ်လို့ အီရန် တာဝန်ရှိသူတွေက ပြောကြားပါတယ်။

မဟာဗျူဟာမြောက် ဟော်မုဇ်ရေ လက်ကြားအနီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အီရန်အပေါ် ပြောင်ပြောင်တင်းတင်း ကျူးကျော်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ Masoud Pezeshkian က ပြောကြားလိုက် ပါတယ်။

အဖြူရောင်ပိတ်စတွေ လွှမ်းခြုံထားတဲ့ ရုပ်အလောင်းတွေကို ကြည့်ပြီး လူအုပ်ကြီးက ငိုကြွေးနေတာ၊ တချို့က ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေ ကပ်ထားပြီး အီရန်အလံ လွှမ်းခြုံထားတဲ့ ခေါင်းတလား တွေ ပြင်ဆင် နေပုံ တွေကို အီရန် နိုင်ငံပိုင် မီဒီယာတွေက ပြသခဲ့ပါတယ်။

လေကြောင်းကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာလည်း သေဆုံးသူ တွေကို အစုလိုက် မြှုပ်နှံဖို့အတွက် အကြီးစား ကျင်းတွေကို ပြင်ဆင် နေတာကို မြင်တွေ့ရပါတယ်။

သေဆုံးသွားခဲ့တဲ့ မိန်းကလေးငယ်တွေ ရဲ့ မိန်းကလေး မူလတန်း ကျောင်း ဟာ အီရန်တော်လှန်ရေး အစောင့်တပ် IRGC ရဲ့ နေရာ အနီးအနားမှာ တည်ရှိတာ ဖြစ်ပါတယ်။

မိနပ်မြို့ဟာ ဟော်မုဇ်ရေလက်ကြားနဲ့ အလွန်နီးကပ်တဲ့ နေရာမှာ တည်ရှိ ပါတယ်။

အမေရိကန် နဲ့ အစ္စရေး တို့က သူတို့ ပါဝင် ပတ်သက်မှု မရှိကြောင်း ငြင်းဆို ထားကြပေမဲ့ အီရန် အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုကို အမေရိကန်နဲ့ ဇီယွန်ဝါဒီတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ အခိုင်အမာ ပြောကြားထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကျောင်းတကျောင်းကို တမင်တကာ ပစ်မှတ် ထားမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

“အမေရိကန်ဟာ ကျောင်းတကျောင်းကို တမင်သက်သက် ပစ်မှတ်ထားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေက ဒုံးကျည်တွေ၊ ဒုံးကျည် ထုတ်လုပ် နိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ အရင်းအမြစ် တွေပဲ ဖြစ်ပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ပင်တဂွန်စစ်ဌာနချုပ် အနေနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီဒေသမှာ တိုက်ခိုက်မှု တစုံတရာရှိခဲ့တာကို မသိရှိကြောင်း ပြောပါတယ်။

“လက်ရှိအချိန်အထိတော့ အဲဒီနေရာမှာ အစ္စရေး သို့မဟုတ် အမေရိကန်ရဲ့ တိုက်ခိုက်မှု ရှိခဲ့တာကို မသိရသေးပါဘူး၊ ကျွန်တော်တို့ဟာ အလွန်အမင်း တိကျတဲ့ နည်းလမ်းတွေနဲ့ပဲ စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတာပါ” လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။

နော်ဝေအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Hengaw ကတော့ သေဆုံးသူတွေ ရဲ့ အမည် စာရင်းတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဲဒီ အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ တိုက်ခိုက်ခံရချိန်မှာ Shajare Tayyebeh ကျောင်းမှာ မနက်ခင်း စာသင်ကြားနေတာဖြစ်ပြီး ကျောင်းသူ ၁၇၀ လောက် ရှိနေနိုင်ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ တကယ့်ရည်ရွယ်ချက် ကတော့ အနီးအနားမှာရှိတဲ့ IRGC ရဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ဖြစ်နိုင်တယ်လို့ အဲဒီ လူ့အခွင့် အရေး အဖွဲ့က ပြောကြားပေမယ့် သီးခြားအတည်မပြုနိုင်သေးပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *