နိုင်ငံတကာ

အမေရိကန် နဲ့ အီရန် တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်၊ အီရန် ဒရုန်းတွေ ကူဝိတ် လေဆိပ်ကို ထိမှန်

ဇွန် ၃ – ၂၀၂၆

အမေရိကန် စစ်တပ်က အီရန်နိုင်ငံပေါ် “ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့” တိုက်ခိုက်မှုတွေ ညတွင်းချင်း ပြုလုပ်ခဲ့တယ်လို့ ပြောကြားလိုက်ပြီး ပင်လယ်ကွေ့ နိုင်ငံတွေ နဲ့ သင်္ဘောတွေဆီ ဦးတည် ပစ်ခတ်လာတဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေ ကိုလည်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

“အီရန်က အရှေ့ အလယ်ပိုင်းတခွင်မှာ တိုက်ခိုက်ဖို့ ကြိုးပမ်းလာတာကို တုံ့ပြန်တဲ့ အနေနဲ့” ဟော်မုဇ် ရေလက်ကြားထဲက Qeshm ကျွန်းပေါ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဗဟို စစ်ဌာနချုပ် Centcom က ဆိုပါတယ်။

Qeshm ကျွန်းပေါ်ကို တိုက်ခိုက်မှုဟာ အီရန် စစ်တပ်ရဲ့ မြေပြင်ထိန်းချုပ်ရေး စခန်းတခုကို ပစ်မှတ်ထားခဲ့တာ လို့ပြောပါတယ်။

အီရန်ဟာ ကူဝိတ်နိုင်ငံဆီ ဒုံးကျည်နှစ်စင်း၊ ဘာရိန်းနိုင်ငံဆီ သုံးစင်း ပစ်ခတ် ခဲ့ပေမဲ့ အားလုံးဟာ လေထဲမှာတင် ပျက်စီးသွားတာ ဒါမှမဟုတ် ကြားဖြတ် ပစ်ချခံလိုက်ရတယ်လို့ Centcom က ပြောပါတယ်။

အီရန်ဘက်ကတော့ သူတို့ဟာ ဒေသတွင်းနိုင်ငံ တခုမှာရှိတဲ့ အမေရိကန် အခြေစိုက် စခန်းတွေနဲ့ ရဟတ်ယာဉ်တွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ပြောဆိုပါတယ်။

ဒရုန်းတွေဟာ ကူဝိတ်နိုင်ငံတကာ လေဆိပ် အပါအဝင် အဆောက်အအုံ တွေကို ထိမှန်ခဲ့တာကြောင့် ကူဝိတ်မှာ လူတဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Saud Abdulaziz Al-Otaibi က ဒီတိုက်ခိုက်မှုကို “အီရန်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ ကျူးကျော်မှု” လို့ ခေါ်ဆိုလိုက်ပြီး သံတမန်ရေးရာ ရုံးတွေ အပါအဝင် အခြေခံ အဆောက်အအုံ တချို့ ထိခိုက် ပျက်စီးသွားတယ်လို့ ကူဝိတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒေသတွင်းရေပိုင်နက်ကို တရားဝင် ဖြတ်သန်း မောင်းနှင်နေတဲ့ “အရပ်သား သင်္ဘောသားတွေ” ဆီ ဦးတည်ပြီး အီရန်ဘက် ကနေ ပစ်လွှတ် လိုက်တဲ့ တိုက်ခိုက်ရေးဒရုန်း သုံးစင်းကိုလည်း အမေရိကန်က ပစ်ချနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကတော့ “ဟော်မုဇ်ရေလက်ကြားရဲ့ လုံခြုံရေးကို နှောင့်ယှက် ဖျက်ဆီးတာဟာ ကျူးကျော်သူ အမေရိကန် စစ်တပ်အတွက် ကြီးမားတဲ့ ပေးဆပ်မှု ဖြစ်လာလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ညက ဖြစ်ပွားခဲ့တဲ့ ကျူးကျော်မှုတွေ အတွက် ကူဝိတ်နဲ့ ဘာရိန်း ခေါင်းဆောင် တွေမှာ “တိုက်ရိုက်နဲ့ ငြင်းကွယ်လို့မရတဲ့ တာဝန်ရှိတယ်” လို့ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှု တွေကိုလည်း ရှုတ်ချခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့ ဘာရိန်းနဲ့ ကူဝိတ် နိုင်ငံတွေထဲက ပစ်မှတ်တွေကို မကြာခဏ ဆိုသလို တိုက်ခိုက် လေ့ရှိတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ တန့်သွားပြီး စစ်ပွဲကို အဆုံးသတ်မယ့် သဘောတူညီချက် တစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရှေ့မတိုးနိုင်ဘဲ ပျက်ပြားသွားခဲ့ပြီး နောက်မှာ ဖြစ်ပွားခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ဒီသီတင်းပတ်အတွင်း သူ့ကို ဝေဖန်နေသူတွေကို “စိတ်အေးအေးထားပြီး အနားယူကြဖို့” ပြောခဲ့ပြီး အီရန်ဟာ “တကယ်ပဲ သဘောတူညီချက်တခု ရချင်နေတာဖြစ်လို့ ဒါဟာ အမေရိကန် အတွက် ကောင်းမွန်တဲ့ သဘောတူညီချက်တခု ဖြစ်လာ လိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး မူဘောင်ကို တိုးမြှင့်ဖို့ ဆွေးနွေးပြီးနောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် စည်းကမ်းချက်တွေကို ပြင်ဆင်ပေးဖို့ ထရမ့်က တောင်းဆိုခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက အစောပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။

အပြောင်းအလဲတွေဟာ ဟော်မုဇ် ရေလက်ကြားကိစ္စ၊ အီရန်ကနေ သန့်စင်ပြီး ယူရေနီယံတွေ ဖယ်ရှားရေး ကိစ္စတွေနဲ့ သက်ဆိုင်သလို အီရန်ရဲ့ နျူကလီးယား အစီအစဉ် အပေါ် ညှိနှိုင်းမှုတွေ ပြန်စတင်ဖို့ မူဘောင်တခု လည်း ပါဝင်တယ်လို့ CBS News က ဖော်ပြခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ဒီအချက်တွေဟာ ဆွေးနွေးပွဲ စားပွဲပေါ်မှာ ရှိမနေခဲ့ဘူး လို့ ငြင်းဆိုခဲ့ပြီး ဝါရှင်တန်ဟာ “သူတို့ရဲ့ အမြင်တွေကို အမြဲတမ်း ပြောင်းလဲ နေပြီး အသစ်အသစ်သော ဒါမှမဟုတ် ရှေ့နောက်မညီတဲ့ တောင်းဆိုချက် တွေကို တင်သွင်းနေတာ” လို့ ထည့်သွင်းပြောကြားခဲ့ ပါတယ်။

ref; bbc

photo: The Quint

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *