နိုင်ငံတကာ

အမေရိကန် လုံခြုံရေးမဟာဗျူဟာသစ် ဟာ ရုရှား အမြင်နဲ့ ကိုက်ညီကြောင်း မော်စကို ပြော

ဒီဇင်ဘာ ၈ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ကို ရုရှားက ကြိုဆိုခဲ့ပြီး မော်စကို ရဲ့ အမြင်နဲ့ “အများအားဖြင့် ကိုက်ညီမှုရှိတယ်” လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် အစိုးရက ထုတ်ဖေါ်ခဲ့တဲ့ စာမျက်နှာ ၃၃ မျက်နှာ အဲဒီ မဟာဗျူဟာ စာတမ်းမှာ ဥရောပဟာ “လူမှုအဖွဲ့အစည်း ဆိုင်ရာ ဖျက်ဆီးခံရမှု” နဲ့ ရင်ဆိုင်နေရပြီး ရုရှားကို အမေရိကန်အတွက် ခြိမ်းခြောက်မှု အဖြစ် ပုံဖော် ထားခြင်း မရှိတာကို တွေ့ရပါတယ်။

အနောက်တိုင်းရဲ့ ကိုယ်ပိုင် သဏ္ဌာန် ကို ပြန်လည်ထူထောင်ဖို့ တောင်းဆို ထားပြီး၊ ဥရောပဟာ နှစ် ၂၀ ဒါမှမဟုတ် ဒိမတိုင်ခင် အချိန်အတွင်း ကိုယ်ပိုင် ဟန် ပျောက်ကွယ်သွားလိမ့်မယ်” လို့ အခိုင်အမာဆိုထား ပါတယ်။

နိုင်ငံခြား သြဇာလွှမ်းမိုးတွေကို တိုက်ဖျက်တာ၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်း အခြေချတာတွေ အဆုံးသတ်တာ နဲ့ အီးယူ ဥရောပသမဂ္ဂ ရဲ့ လုပ်ရပ်လို့ ယူဆရတဲ့ ဆင်ဆာဖြတ်တောက်မှု အပေါ် ငြင်းပယ် တာတွေ ကို အစီရင်ခံစာမှာ ဦးစားပေးအဖြစ် ဖော်ပြထားပါတယ်။

ခရမ်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမက်ထရီ ပက်စ်ကို့ဗ် က ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Tass မှာ တနင်္ဂနွေနေ့က ပြောကြားရာ

“ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ… ကျွန်တော်တို့ ရဲ့ အမြင်နဲ့ အများအားဖြင့် ကိုက်ညီမှုရှိပါတယ်” လို့ ဆိုပါတယ်။

“အပြုသဘောဆောင်တဲ့ ခြေလှမ်းတခု” ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အခိုင်အမာ ကောက်ချက် မချမီ စာတမ်းကို ဆက်လက် လေ့လာ သုံးသပ်သွားမယ်လို့ ဖြည့်စွက်ပြောသွားပါတယ်။

ဒီ အမေရိကန်ရဲ့ မဟာဗျူဟာ ဟာ ရုရှားအပေါ် ပိုမို ပျော့ပြောင်းစွာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

အမေရိကန်ရဲ့ စာတမ်းမှာ ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ဖို့ အမေရိကန် ရဲ့ ကြိုးပမ်းမှုတွေကို ဥရောပသမဂ္ဂ က ပိတ်ဆို့နေကြောင်း အပြစ်တင် ထားပြီး၊ အမေရိကန်ဟာ “ရုရှားအပေါ် မဟာဗျူဟာမြောက် တည်ငြိမ်မှု ကို ပြန်လည် တည်ဆောက်ရမှာ” ဖြစ်ကြောင်းနဲ့ ဒါဟာ “ဥရောပ စီးပွားရေး တွေကို တည်ငြိမ်စေလိမ့်မယ်” လို့ ဖေါ်ပြထားပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က “ကျွန်တော်ယုံကြည်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တွေကို စီစဉ် ဖွဲ့စည်းပုံဆိုင်ရာ မေးခွန်းတွေဟာ (မဟာဗျူဟာမှာ) မပါဝင်သင့်ပါဘူးလို့ တုန့်ပြန်ထား ပါတယ်။

ပိုလန်ဝန်ကြီးချုပ် Donald Tusk က “အမေရိကန်မိတ်ဆွေတွေ” ကို ရည်ညွှန်းပြီး “ဥရောပဟာ ခင်ဗျားတို့ရဲ့ အနီးဆုံး မဟာမိတ်ပါ၊ ခင်ဗျားတို့ ရဲ့ ပြဿနာ မဟုတ်ပါဘူး” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *