နိုင်ငံတကာ

အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက် ဒီကနေ့ လက်မှတ်ထိုးမယ်လို့ ထရမ့်ပြော၊ အီရန်က သံသယရှိ

WASHINGTON, DC – JUNE 11: U.S. President Donald Trump speaks during a proclamation signing ceremony in the Oval Office of the White House on June 11, 2026 in Washington, DC. (Photo by Alex Wong/Getty Images

ဇွန် ၁၄ – ၂၀၂၆

အမေရိကန်နဲ့ အီရန်ကြား တိုက်ပွဲတွေကို အဆုံးသတ်မယ့် သဘောတူညီချက် တခုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးဖို့ စီစဉ် ထားတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ပြောကြားလိုက် ပါတယ်။

ဒါပေမဲ့ အီရန်ဘက် ကတော့ ဒီလိုလက်မှတ်ထိုးမယ့် အချိန်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ ရှိတယ်လို့ ဆိုပါတယ်။

ထရမ့်က လူမှုကွန်ရက်ပေါ်က တဆင့် ပြောကြားရာမှာ သဘောတူညီချက် ရရှိပြီးတာနဲ့ တပြိုင်နက် ကမ္ဘာ့အရေးပါတဲ့ ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို လူတိုင်းအတွက် ဖွင့်လှစ် ပေးသွားမယ် လို့ ဆိုပါတယ်။

ကြားဝင်စေ့စပ်ပေးနေတဲ့ အဓိကနိုင်ငံဖြစ်တဲ့ ပါကစ္စတန်ကလည်း ဒီသဘောတူညီချက်ဟာ ၂၄ နာရီ အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ရပြီး သူတို့အနေနဲ့ အွန်လိုင်းက တဆင့် Electronic Signing လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ် လို့ ပြောပါတယ်။

ထရမ့်ရဲ့ မှတ်ချက်တွေ မထွက်ပေါ်လာခင်မှာတော့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က အချိန်ဇယားနဲ့ ပတ်သက်ပြီး သတိကြီးကြီးထား ပြောဆိုခဲ့ကာ ‘’နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမယ့်ရက် အတိအကျကိုတော့ စောင့်ကြည့်ရဦးမှာပါ၊ ဒါပေမဲ့ မနက်ဖြန်တော့ မဟုတ်နိုင်သေးပါဘူး” လို့ ဆိုခဲ့တာပါ။

ဒါပေမဲ့ ထရမ့်ကတော့ Truth Social လူမှုကွန်ရက်ပေါ်မှာ “သဘောတူညီချက်ကို မနက်ဖြန် လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပြီးပြီ၊ လက်မှတ်ထိုးပြီးတာနဲ့ တပြိုင်နက် ဟော်မုဇ်ရေလက်ကြားကို လူတိုင်းအတွက် ဖွင့်လှစ်ပေးမှာ ဖြစ်တယ်” လို့ မနေ့က ရေးသားခဲ့ပါတယ်။

အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုတွေကို ရည်ညွှန်းတဲ့ အနေနဲ့ ထရမ့်က “သင့်တော်တဲ့အချိန်၊ အခြေအနေအားလုံး ငြိမ်သက်သွားတဲ့ အခါမှာ… ကျွန်တော်တို့ ဝင်ရောက်ပြီး Nuclear Dust တွေကို သွားရောက် သိမ်းယူမှာဖြစ်ပြီး” နောက်ပိုင်းမှာ အဲဒါတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုပြီး အနောက်နိုင်ငံတွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ စွပ်စွဲခြင်းကို ခံခဲ့ရတာပါ။

အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ လျှပ်စစ်ထုတ်လုပ်ဖို့နဲ့ သုတေသန လုပ်ငန်းတွေ လိုမျိုး ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက်ပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ထရမ့်က တကယ်လို့ ကိစ္စရပ်တွေဟာ “မြန်မြန်ဆန်ဆန်၊ လွယ်လွယ် ကူကူနဲ့ အဆင်ပြေပြေ” ဖြစ်မလာဘူးဆိုရင် ဝါရှင်တန် မှာ “ပြတ်ပြန်သားသား ကိုင်တွယ်မယ့် နောက်ဆုံးရွေးချယ်စရာ လမ်းကြောင်း ရှိနေတယ်၊ ဒါပေမဲ့ ဒီလမ်းကြောင်းကို ဘယ်တော့မှ မသုံးစွဲရဖို့ မျှော်လင့် ပါတယ်” လို့ သတိပေးခဲ့ပါသေးတယ်။

စနေနေ့ အစောပိုင်းတုန်းကလည်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် က “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိဖို့ အရင်ကထက်ပိုပြီး နီးစပ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

“လာမယ့် ၂၄ နာရီအတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ရတာကြောင့်… ပါကစ္စတန် အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချက်ချင်း Electronic Signing စနစ် နဲ့ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေပြီး၊ နောက်အပတ် မှာတော့ နည်းပညာပိုင်း ဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လုပ်သွားမှာပါ” လို့ ရှရစ်ဖ်က X ပေါ်မှာ ရေးသားခဲ့ပါတယ်။

သောကြာနေ့တုန်းကလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က အမေရိကန်နဲ့ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ပြောခဲ့တာပါ။

ဒီသဘောတူညီချက်ထဲမှာ အစ္စရေးနဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ အဖွဲ့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ပါ ထည့်သွင်း စဉ်းစားထားတယ်လို့ သူက ဆိုပါတယ်။

Araghchi က အီရန်နိုင်ငံပိုင် ရုပ်သံက တဆင့် ပြောကြားရာမှာ သဘောတူညီချက်ထဲမှာ ဟော်မုဇ်ရေ လက်ကြားကို ပြန်ဖွင့်ပေးဖို့နဲ့ အီရန်ဆိပ်ကမ်းတွေ အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှား ပေးဖို့ပါဝင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ကိုတော့ နောက်မှ စတင်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်အရာရှိတွေကလည်း ဒီသဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက် တချို့ကို အတည်ပြုထားပြီး အီရန်အနေနဲ့ စီးပွားရေး ဆိုင်ရာ အကျိုးခံစားခွင့်တွေ ရရှိဖို့ဆိုရင် တဟီရန် ဘက်က ကတိကဝတ် တွေ လိုက်နာဆောင်ရွက်မှု အပေါ် မူတည်လိမ့်မယ်လို့ ပြောထားပါတယ်။

အမေရိကန်ဘက်က ထွက်ပေါ်ခဲ့တဲ့ အရင်သတင်းတွေမှာတော့ လက်ဘနွန် နိုင်ငံဟာ ဒီသဘောတူညီချက်ထဲမှာ ပါဝင်ချင်မှ ပါဝင်လိမ့်မယ် လို့ ဖော်ပြခဲ့ကြပေမဲ့ အီရန်ဘက် ကတော့ လက်ဘနွန်ကိုပါ ထည့်သွင်းဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *