နိုင်ငံတကာ

အရှေ့တောင်အာရှမှာ အွန်လိုင်းလိမ်လည်မှုတွေကို အကြီးအကျယ် လုပ်ဆောင် နေတယ်လို့ FBI ပြော၊ တကမ္ဘာလုံး ချိတ်ဆက် ဆောင်ရွက် ရမယ်လို့ဆို

ဖေဖေါ်ဝါရီ ၂၄ – ၂၀၂၆

အရှေ့တောင်အာရှက နိုင်ငံဖြတ်ကျော် ငွေလိမ်ကွန်ရက်တွေ (ကျားဖျန့်) ဟာ စက်မှုလုပ်ငန်းကြီးတွေလို အကြီးအကျယ် လုပ်ဆောင်နေပြီး အမေရိကန် နိုင်ငံသားတွေကို နေ့စဉ် ပစ်မှတ်ထား နေကြောင်း ဒီကနေ့ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် FBI အဆင့်မြင့် အရာရှိ တဦးက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဌာနခွဲက ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး Scott Schelble က ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတို့ကို သွားရောက်ကာ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး ကျားဖျန့်တွေ အခြေစိုက်ရာ နေရာတွေကို ကိုယ်တိုင် လေ့လာခဲ့ပြီးနောက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

” ဒီရာဇ၀တ်ဂိုဏ်းတွေက နယ်စပ်တွေကို အခွင့်ကောင်းယူပြီး လုပ်ဆောင် နေမယ် ဆိုရင် ကျွန်တော်တို့ကလည်း ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်မှု တွေနဲ့ ဒါကို ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ အနေအထားမှာ ရှိနေရ မယ်” လို့ သူကပြောကြားသွားပါတယ်။

“အဲဒီဒေသမှာ အကြီးအကျယ် ငွေလိမ်လုပ်ငန်းတွေ လုပ်နေတဲ့ တရုတ် ရာဇ၀တ်ဂိုဏ်း တွေဟာ အမေရိကန် တွေကို နေ့တိုင်း ပစ်မှတ်ထား နေတာကို ရှင်းရှင်း လင်းလင်း မြင်တွေ့ခဲ့ရပါတယ်” လို့ Schelble က ပြောပါတယ်။

ငွေလိမ်စခန်း အတော်များများဟာ အရင်က မရှိဖူး လောက်အောင် ကြီးမားကြောင်း သူက ပြောပါတယ်။ “ငွေလိမ်ဖို့ အတွက်တင် သီးသန့် ဆောက်ထားတဲ့ စက်မှုဇုန်လို အဆောက်အအုံ ဝင်းကြီးတွေ ရှိနေပါတယ်” လို့ ဆိုပါတယ်။

ဒါဟာ တနိုင်ငံချင်း မဟုတ်ဘဲ ဒေသ တစ်ခုလုံးရဲ့ ပြဿနာဖြစ်ကြောင်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။

“အရှေ့တောင်အာရှကို ကြည့်မယ်ဆိုရင် ဒါဟာ ကမ္ဘောဒီးယား တနိုင်ငံ တည်း ရဲ့ ပြဿနာ မဟုတ်သလို၊ ဗီယက်နမ် ဒါမှမဟုတ် ထိုင်းနိုင်ငံ ရဲ့ ပြဿနာ သက်သက်ပဲ မဟုတ်ပါဘူး”

“ဒါဟာ ဒေသတွင်း ပြဿနာဖြစ်ပြီး ဒါကို စနစ်တကျ ဖြေရှင်းနိုင်ဖို့ဆိုရင် ပူးပေါင်း ဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တနေရာတည်းကို ဖိအားပေးရင်လည်း တခြား တနေရာကို ပြောင်းရွှေ့ သွားတာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

ကမ္ဘောဒီးယားမှာ ငွေလိမ်လုပ်ငန်း နှိမ်နင်းရေးအတွက် အဆင့်မြင့် ခေါင်းဆောင် တွေနဲ့ ဆွေးနွေးခဲ့ကြောင်းနဲ့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့နဲ့ အရင်က ပူးတွဲ စုံစမ်းစစ်ဆေးရေး အတွေ့အကြုံတွေကို အသုံးချပြီး ငွေလိမ် စခန်းတွေကို ဖြေရှင်းဖို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

ဗီယက်နမ် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနနဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ သလို၊ ထိုင်းရဲတပ်ဖွဲ့နဲ့လည်း လက်ရှိ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို သူက အလေးထား ပြောကြားခဲ့ ပါတယ်။

Schelble ရဲ့ အဆိုအရ ၂၀၂၅ အတွင်း FBI ရဲ့ အင်တာနက် ရာဇ၀တ်မှု တိုင်ကြားရေး ဌာနကို တိုင်ကြားမှုပေါင်း ၈၀၀၀၀ ကျော် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၂.၉ ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။

“ဒါတွေဟာ ကျွန်တော်တို့ အားလုံးကို ထိခိုက်စေတဲ့ ထိတ်လန့်စရာ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်၊ ဒါဟာ တကယ့်ကို ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှု လုပ်ငန်းကြီး ဖြစ်နေပါပြီ” လို့ သူက ပြောကြားသွားပါတယ်။

“ဒါဟာ ဆိုင်ဘာ ရာဇ၀တ်မှု သက်သက်ပဲ မဟုတ်တော့ပါဘူး” “ဒီထဲမှာ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေ အားလုံး တစု တစည်း တည်း ပါဝင် ပတ်သက်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ref: agb

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *