နိုင်ငံတကာ

အီရန်က စစ်တပ် ပစ်အားကို စမ်းသပ်ပြ၊ ဒါပေမယ့် အမေရိကန်နဲ့ စစ်ဖြစ်မယ့် လောင်းကစားကို ရှောင်လွှဲဖို့ အသင့်ရှိနေ

HORMOZGAN, IRAN – FEBRUARY 19: (—-EDITORIAL USE ONLY – MANDATORY CREDIT – ‘IRANIAN ARMY / HANDOUT’ – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS—-) Naval units from Iran and Russia carry out to simulation of rescue a hijacked vessel during the joint naval drills held at the Port of Bandar Abbas near the Strait of Hormuz in Hormozgan, Iran on February 19, 2026. (Photo by Iranian Army/Handout/Anadolu via Getty Images

ဖေဖေါ်ဝါရီ ၂၅ – ၂၀၂၆

အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ဟာ နိုင်ငံတောင်ပိုင်းမှာ လက်နက်သစ်တွေ ကို စမ်းသပ် ခဲ့တယ်လို့ အီရန် နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကလည်း အာရေဗျ ပင်လယ်ကွေ့မှာ စစ်လက် နက်အင်အား အမြောက်အမြား ချထားပြီး အမိန့်ပေး လိုက်တာနဲ့ အီရန်ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားပါတယ်။

စစ်မဖြစ်အောင် တားဆီးဖို့အတွက် အိုမန် နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို လာမယ့် ကြာသပတေးနေ့မှာ ဂျနီဗာမှာ ကျင်းပမှာပါ။

သမ္မတထရမ့် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန် နီးကပ်လာတာနဲ့ အမျှ အီရန် ဟာ ဆွေးနွေးပွဲ မတိုင်ခင် နျူကလီးယား သဘောတူညီချက် မူကြမ်းကို တင်ပြတော့မှာဖြစ်ပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Majid Takht-Ravanchi က သဘောတူညီချက်ရဖို့ အတွက် လိုအပ်တဲ့ ဘယ်လိုခြေလှမ်းမျိုးကိုမဆို လှမ်းဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

အမေရိကန်က အီရန်ကို တိုက်ခိုက်တာဟာ တကယ့်လောင်းကစားကြီး တခု ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်၊ ဒါပေမဲ့ တီဟီရန် အနေနဲ့ ဝါရှင်တန်နဲ့ တတ်နိုင် သမျှ အမြန်ဆုံး သဘောတူညီချက် ရချင်တယ်လို့ လည်း ပြောပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တွေဟာ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက် အတွက် အသေးစိတ် အဆိုပြုချက်တွေကို တင်ပြ ကြလိမ့် မယ်လို့ မျှော်လင့်ရပါတယ်။

ထရမ့်အစိုးရ ကတော့ ဆွေးနွေးပွဲ မတိုင်ခင် အင်္ဂါနေ့မှာ အီရန်ဆီက စာသား မူကြမ်းကို ရဖို့ မျှော်လင့် ထားတယ်လို့ အမေရိကန် အဆင့်မြင့် အရာရှိ တဦးက ပြောပါတယ်။

“နှစ်ဖက်စိုးရိမ်မှုတွေကို ဖြေရှင်းပေးနိုင်ပြီး အကျိုးစီးပွားချင်း တူညီမယ့် သမိုင်းဝင် သဘောတူညီချက်မျိုး ရဖို့ အခွင့်အရေးရှိနေပါတယ်၊ သံတမန် နည်းလမ်းကိုသာ ဦးစားပေးမယ် ဆိုရင် သဘောတူညီချက်က လက်တကမ်း မှာပါ” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဆိုပါတယ်။

အမေရိကန် တောင်းဆိုနေတာနဲ့ အီရန်က လိုက်လျောနိုင်တာ ကြားမှာ ကွာဟချက် တွေ ရှိနေသေးတာကြောင့် စစ်ကို တားဆီးမယ့် သဘောတူညီချက် ရဖို့ကတော့ မရေရာသေးပါ။

အမေရိကန်က အီရန်ကို ယူရေနီယံသန့်စင်မှု အားလုံးရပ်စေချင်တာပါ၊ အီရန် ကတော့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် အတွက် ဆက်လုပ်ချင်ပေမဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ် ဆိုရင် ထုတ်လုပ်မှုကို လျှော့ချဖို့ သဘောတူနိုင်တယ်လို့ ဆိုပါတယ်။

ညှိနှိုင်းမှုတွေ ရှိနေပေမဲ့လည်း နှစ်ဖက်စလုံးက ခြိမ်းခြောက်မှုတွေ လုပ်နေ ကြတာကြောင့် စစ်ဖြစ်နိုင်ခြေ ကတော့ ရှိနေဆဲပါ။

အခုဆိုရင် အမေရိကန်ဟာ အီရန်ကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးမှာ စစ်အင်အား အမြောက်အမြား ချထားပြီးပြီ ဖြစ်သလို ဒုတိယမြောက် လေယာဉ်တင် သင်္ဘောကလည်း ဒီဒေသကို ချဉ်းကပ်လာနေပါပြီ။

ကမ္ဘာ့အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော USS Gerald R Ford အရှေ့အလယ်ပိုင်းကို ရောက်တာနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှု အတွက် အချိန်စတွက် လိမ့်မယ်လို့ ပင်တဂွန် အရာရှိဟောင်း တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အီရန်တပ်ဖွဲ့ IRGC ဟာ ဗျူဟာကျတဲ့ ဟော်မုဇ် ရေလက်ကြားမှာ စစ်ရေး လေ့ကျင့်မှုတွေလုပ်ခဲ့ပြီး လမ်းကြောင်း တချို့ကို ခန ပိတ်ထားခဲ့ပါတယ်။

အီရန်နဲ့ ရုရှားတို့ ဟာလည်း ကြာသပတေးနေ့မှာ ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်မှု လုပ်ခဲ့ကြပြီး “ပြန်ပေးဆွဲခံရတဲ့ သင်္ဘောကို ကယ်တင်တဲ့ ပုံစံမျိုး” လေ့ကျင့်ခဲ့ကြပါတယ်။

သမ္မတ ထရမ့်က သံတမန်နည်းလမ်းကို လမ်းဖွင့်ထားပေမဲ့ သဘောတူညီချက် ရဖို့ အတွက် တီဟီရန်ကို နောက်ဆုံးအချိန် သတ်မှတ် ပေးထားပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေကလည်း အရှေ့အလယ်ပိုင်းဟာ နောက်ထပ် ပဋိပက္ခ တွေကို မခံနိုင်တော့ဘူးလို့ သတိပေးနေကြပြီး ဖုန်းကနေ တဆင့် သံတမန်နည်းအရ ညှိနှိုင်းဖို့ တိုက်တွန်းနေကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *