ဧပြီ ၇ – ၂၀၂၆
Artemis II လကမ္ဘာခရီးစဥ်မှာ အာကာသယာဉ်မှူးတွေဟာ လရဲ့ နောက်ကျောဘက်ကို ပတ်ပျံနေစဥ် ကမ္ဘာမြေနဲ့ ဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားပြီးနောက် အခုတော့ ပြန်ဆက်သွယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Orion အာကာသယာဥ် နဲ့ ကမ္ဘာအကြား လက လုံဝ ကွယ်ထားလိုက်တာ ဖြစ်လို့ ဒီလို ဆက်သွယ်မှု ပြတ်တောက်သွားတာ ဖြစ်ပြီး ကြိုတင်မျှော်လင့်ထားတဲ့ အတိုင်း မိနစ် ၄၀ လောက် ကြာမြင့်ခဲ့ ပါတယ်။
အဲဒီနောက်မှာတော့ “ကမ္ဘာမြေဆီက အသံကို ပြန်ကြားရတာ တကယ့်ကို ဝမ်းသာစရာပါပဲ” လို့ Orion အာကာသယာဉ် ထဲကနေ အာကာသယာဉ်မှူး Christina Koch က ပြောပြီး တိတ်ဆိတ်မှု ကို ဖြိုခွင်းလိုက်ပါတယ်။
လ အနောက်ဘက်ခြမ်းကို ပတ်နေစဥ် လပေါ်က မီးတောင်ဝ လို ချိုင့်ဝှမ်းကြီး တခုကို တွေ့ခဲ့ရပြီး ကမ္ဘာနဲ့ အဆက်အသွယ်ပြန်ရချိန် လပေါ်က သူတို့တွေ့ခဲ့တဲ့ မီးတောင်ဝ ချိုင့်ဝှမ်းကို အဖွဲ့ ခေါင်းဆောင် Reid Wiseman ရဲ့ ကွယ်လွန်သူ သူ့ဇနီးဖြစ်သူ Carroll နာမည်ကို ပေးချင်တယ်လို့ မြေပြင် ထိန်းချုပ်ရေး စခန်းကို ပြောလိုက်တဲ့ အချိန်ဟာ တကယ့်ကို စိတ်လှုပ်ရှား စရာ ကောင်းတဲ့ အခိုက် အတန့်လေး တခု ဖြစ်ခဲ့ပါတယ်။
အခုလို ကမ္ဘာကို လှမ်းပြောချိန်မှာ ဘေးက အာကာသယာဥ်မှူး ၃ ဦးက Reid Wiseman ကို လာဖက်ပြီး အားပေး နှစ်သိမ့်ပေးခဲ့ပါတယ်။
အာကာသယာဉ်မှူးတွေဟာ ကမ္ဘာကနေ မိုင်ပေါင်း ၂ သိန်းခွဲကျော် ဝေးတဲ့ အမှောင်ထုထဲမှာ ရှိနေပေမဲ့ သူတို့ ချစ်ရတဲ့သူတွေ ကိုတော့ နှလုံးသားထဲမှာ အမြဲတမ်း သယ်ဆောင် သွားကြ တယ်ဆိုတာ ဒီဖြစ်ရပ်လေးက သက်သေပြနေတာ ဖြစ်ပါတယ်။
ဒီအာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်ခဲ့တာ မဟုတ်ဘဲ လရဲ့တဖက်ခြမ်းကို ပတ်ပြီး ကမ္ဘာဘက်ကို ပြန်လှည့်လာခဲ့တာ ဖြစ်ပါတယ်။
လအနား ကနေ ဖြတ်ပျံနေစဉ်မှာ သူတို့ ဘာတွေလုပ်ခဲ့ကြ သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။
သူတို့ ၄ ဦးဟာ အခုဆိုရင် ကမ္ဘာကနေ အဝေးဆုံး ၂၅၂၇၅၇ မိုင် အထိ ရောက်ရှိခဲ့တဲ့ စံချိန်သစ် တခုကို တင်နိုင်ခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်က Apollo 13 အဖွဲ့သားတွေ တုန်းကတော့ မိုင်ပေါင်း ၂၄၈၆၅၅ အထိ ရောက်ရှိ ခဲ့တာပါ။
အခု ခရီးစဥ်တော့ နောက်ထပ် ၄၁၀၂ မိုင် ပိုဝေးတဲ့ နေရာအထိ ရောက်သွားခဲ့တာပါ။
ဒီစံချိန်ကို ချိုးလိုက်မှုဟာ အခု အာကာသယာဉ်မှူးတွေက နောက်လာမယ့် မျိုးဆက်သစ်တွေကို ငါတို့ စံချိန်တင်ထားတာကို “သိပ်ပြီး ကြာရှည်မခံပါစေနဲ့” ဆိုပြီး စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။
အခုဆိုရင် အာကာသယာဉ်မှူး လေးဦးဟာ လကမ္ဘာကို ပတ်ပြီး လေ့လာရေးတွေ စတင် လုပ်ဆောင်နေပါပြီ။
လရဲ့ တဘက်ခြမ်းမှာ ရောက်နေစဥ် Orion ယာဉ်ရဲ့ အင်ဂျင်နှိုးပြီး ယာဥ်ကို ကမ္ဘာဘက် ပြန်လှည့်မယ့် ပတ်လမ်းထဲ ရောက်အောင် ပြန်ကွေ့ဝိုက်တဲ့ အရေးကြီး လုပ်ဆောင်မှုကို လုပ်ခဲ့ပါတယ်။
လရဲ့ တဘက်ခြမ်း ကနေ သိမ်းဆည်းထားတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို နာဆာရဲ့ အာကာသ ဆက်သွယ်ရေး ကွန်ရက် ကနေ တဆင့် ပေးပို့မှာဖြစ်ပြီး အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင် တွေက လာမယ့်ရက်တွေမှာ အသေးစိတ် လေ့လာကြတော့မှာဖြစ်ပါတယ်။
—————————
THN Public Media
