နိုင်ငံတကာ

အိန္ဒိယသမုဒ္ဒရာ Diego Garcia ကျွန်းက ဗြိတိန်-အမေရိကန် ပူးတွဲ စစ် စခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်

မတ်လ ၂၁ – ၂၀၂၆

အိန္ဒိယသမုဒ္ဒရာ ဒီယေဂိုဂါစီယာ (Diego Garcia) ကျွန်းက ဗြိတိန်-အမေရိကန် စစ်အခြေစိုက် စခန်းကို အီရန်က ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ် ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ဒုံးကျည် ၂ စင်းဟာ စစ်အခြေစိုက်စခန်းကို ရောက်ရှိ ခြင်း မရှိခဲ့တဲ့ အတွက် တိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပါ။

ဒီတိုက်ခိုက်မှုဟာ ဗြိတိန်အခြေစိုက်စခန်းတွေကို အမေရိကန်က ပိုမို တိုးမြှင့် အသုံးပြုဖို့ ဗြိတိန်ဘက်က ခွင့်ပြုချက်မထုတ်ပြန်မီ က ဖြစ်ပွား ခဲ့တာပါ။

အမည်မဖော်လိုသူ အမေရိကန် အရာရှိတွေကို ကိုးကားပြီး Wall Street Journal က အခု ဒုံးကျည်ပစ်ခတ်မှုကို ဦးစွာသတင်းဖော်ပြခဲ့တာ ဖြစ်ပါ တယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန MoD ကတော့ ဒီပစ်ခတ်မှုကို အတည်ပြုတာ ငြင်းဆိုတာ မရှိဘဲ၊ အီရန်ရဲ့ မဆင်မခြင် တိုက်ခိုက်မှု တွေဟာ ဗြိတိန်ရဲ့ အကျိုးစီးပွားနဲ့ မဟာမိတ်တွေ အပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ သာ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ဒုံးကျည်တွေဟာ အရင်က ကီလိုမီတာ ၂၀၀၀ (၁၂၄၃ မိုင်) သာ ရောက်ရှိနိုင်တယ်လို့ ယူဆထားပေမယ့် ဒီယေဂို ဂါစီယာ စခန်းဟာ အီရန် ကနေ မှ ကီလိုမီတာ ၃၈၀၀ (၂၃၆၁ မိုင်) လောက် ဝေးတာ ဖြစ်လို့ ဗြိတိန်အနေနဲ့ ကာကွယ်ရေးကို အသေအချာ ဖြစ်အောင်လုပ်ဖို့ လိုအပ်ကြောင်း စစ်ရေးကျွမ်းကျင်သူ ဗြိတိန် ဗိုလ်ချုပ်ကြီးဟောင်း Sir Richard Barrons က ပြောကြားလိုက်ပါတယ်။

ဒီယေဂိုဂါစီယာ ကျွန်းဟာ အိန္ဒိယသမုဒ္ဒရာက ချားဂိုးစ်ကျွန်းစု ထဲမှာ အကြီးဆုံး ဖြစ်ပြီး ဗြိတိန်နဲ့ အမေရိကန်တို့ ပူးတွဲ အသုံးပြုနေတဲ့ စစ်အခြေစိုက်စခန်းဖြစ်ပါတယ်။

ဒီယေဂိုဂါစီယာ ကျွန်းနဲ့ ဗြိတိန်မှာ ရှိတဲ့ RAF Fairford အခြေစိုက် စခန်းတွေကို အမေရိကန်က အသုံးပြုဖို့ ဗြိတိန်က ခွင့်ပြုထားပါတယ်။

ဒါပေမယ့် ဆိုက်ပရပ်စ် မှာရှိတဲ့ RAF Akrotiri စခန်းကိုတော့ အသုံးပြုခွင့် ပေးမထားပါ။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *