THN Public Media Blog Sport အိမ်ရှင် မက္ကဆီကို အုပ်စုအောင်ပြီ
Sport

အိမ်ရှင် မက္ကဆီကို အုပ်စုအောင်ပြီ

ဇွန် ၁၉ – ၂၀၂၆

တောင်ကိုရီးယားကို တဂိုးတည်းနဲ့ အနိုင်ရပြီး မက္ကဆီကိုအသင်း ဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်နိုင်တဲ့ နိုင်ငံ ဖြစ်လာပါပြီ။

အိမ်ရှင်အဖြစ် ပူးတွဲကျင်းပတဲ့ မက္ကဆီကို အသင်းဟာ Guadalajara မြို့မှာ ကစားခဲ့တဲ့ပွဲမှာ တောင်ကိုရီးယား အသင်းကို ကပ်နိုင်ပြီး ၂၀၂၆ ကမ္ဘာ့ ဖလားရဲ့ ရှုံးထွက် အဆင့်ကို ပထမဆုံး တက်ရောက်ခွင့်ရတဲ့ နိုင်ငံ ဖြစ်လာခဲ့ ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာ ကိုရီးယား ဂိုးသမား ကင်ဆန်ဂျူးနဲ့ သူ့ရဲ့အသင်းဖော် လီဂီဟော့ခ်တို့ တိုက်မိပြီး ဘောလုံး လွတ်ထွက်သွားချိန် မက္ကဆီကို ကွင်းလယ်လူ လူးဝစ်ရိုမို က နေရာ အကျအနယူပြီး ဂိုးအလွတ်ထဲကို ပိတ်သွင်းယူသွားခဲ့တာပါ။

တောင်ကိုရီးယားအသင်း အတွက် အကောင်းဆုံး ဂိုးရမယ့် အခွင့်အရေး ကတော့ ပွဲချိန် ၈၇ မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ချိုဂူဆန်ရဲ့ အနီးကပ် ခေါင်းတိုက် ချက်ကို မက္ကဆီကို ဂိုးသမား ရာအူးလ်ရန်ဂျယ်က ကာကွယ် သွားနိုင်ခဲ့ သလို ထပ်ဆင့် ပိတ်သွင်းတဲ့ ယန်ဟွန်ဂျွန် ရဲ့ ကန်ချက်ကိုလည်း အမိအရ ဖမ်းဆီးသွားနိုင်ခဲ့ပါတယ်။

ပွဲအစောပိုင်းတုန်း ကလည်း ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က မက္ကဆီကို ဂိုးသမား ရန်ဂျယ်ရဲ့ အပေါ် ကနေ ကျော်သွင်းခဲ့ပေမဲ့ အဲဒီ ဘောလုံးကို အက်ဒ်ဆန် အယ်လ်ဗာရက်ဇ်က ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ ကစားပုံညံ့ဖျင်းခဲ့လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ အိမ်ရှင် မက္ကဆီကို အသင်းဟာ ပွဲချိန် ၇၅ မိနစ်မှာ ဒုတိယဂိုး ရဖို့ နီးစပ်ခဲ့ပေမဲ့ ရာအူးလ်ဟီမင်နက်ဇ်ရဲ့ ထောင့်ကျဉ်း ကနေ ကန်ချက်ကို ကိုရီးယား ဂိုးသမား ကာကွယ်သွားခဲ့ပါတယ်။

လူစားဝင် ကစားသမား အိုဘက်ဗားဂတ်စ်ရဲ့ ပြင်းထန်တဲ့ ကန်ချက်ကို လည်း ကိုရီးယားဂိုးသမား ကင်ဆန်ဂျူးကပဲ အကောင်းဆုံး လှဲချကာ ကွယ်သွားခဲ့ ပါသေးတယ်။

ဒီရလဒ်ကြောင့် မက္ကဆီကို အသင်းဟာ ကမ္ဘာ့ဖလားမှာ နိုင်ပွဲဆက် နေတာဖြစ်ပြီး လာမယ့်ကြာသပတေးနေ့မှာ ကစားမယ့် ချက်သမ္မတနိုင်ငံနဲ့ ပွဲစဉ်မှာသာ အရေးမနိမ့်ဘူး ဆိုရင် နည်းပြ ဟာဗီယာ အာဂီယာရဲ့ အသင်းဟာ အုပ်စု A ဗိုလ်ဖြစ်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ မက္ကဆီကို အသင်းသာ အုပ်စု ပထမရခဲ့ရင် ၃၂ သင်း နဲ့ နောက်ထပ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေကို မက္ကဆီကိုစီးတီး မှာပဲ ကစားရမှာ ဖြစ်ပြီး၊ အင်္ဂလန် အသင်းကလည်း သူတို့ အုပ်စုမှာ ပထမရ ခဲ့ရင် မက္ကဆီကိုနဲ့ ထိပ်တိုက် တွေ့ဆုံနိုင်ခြေ ရှိနေပါတယ်။

တောင်ကိုရီးယား အသင်း ကတော့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ အဖွင့်ပွဲတုန်းက ချက်အသင်း ကို နိုင်ထားခဲ့တာ မို့ နောက်တဆင့်တက်ဖို့ အခြေအနေ ကောင်းတခုမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား ဟာ လာမယ့် ကြာသပတေးနေ့မှာတော့ Monterrey မြို့မှာ တောင်အာဖရိက အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version