ဇွန် ၁ – ၂၀၂၆
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်စစ်ဘက်ဆိုင်ရာ နေရာတွေကို တိုက်ခိုက် ခဲ့တယ်လို့ အမေရိကန်က ပြောကြားခဲ့ပြီး၊ တီဟီရန် ဘက်ကလည်း အမေရိကန် စစ်အခြေစိုက် စခန်းတခုကို ပြန်လည် ပစ်မှတ်ထားပြီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်၊ ဒါဟာ ဟော်မုဇ် ရေလက်ကြား တဝိုက်မှာ တပတ်အတွင်း ၃ ကြိမ်မြောက် တင်းမာမှု မြင့်တက် လာတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အမေရိကန် ဒရုန်းတစင်း ပစ်ချခံရတာ အပါအဝင် အီရန်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကြောင့် ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် Centcom က ပြောပါတယ်။
အီရန်တောင်ပိုင်း ကမ်းရိုးတန်း အနီးက Goruk မြို့နဲ့ ဟော်မုဇ် ရေလက်ကြားက ကျွန်းတကျွန်း ဖြစ်တဲ့ Qeshm ကျွန်းတွေမှာ ရှိတဲ့ အီရန်ရဲ့ ရေဒါစခန်းတွေနဲ့ ဒရုန်းကွပ်ကဲမှု စခန်းတွေကို “ခုခံကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်မှုတွေ” လုပ်ဆောင် ခဲ့တာလို့ ဆိုပါတယ်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ပြောတာ ကတော့ အီရန်ကို တိုက်ခိုက်ဖို့ အတွက် အမေရိကန် တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ လေတပ် စခန်း တခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကူဝိတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး အမေရိကန် စစ်သည်တွေ ထိခိုက် ဒဏ်ရာရတာမျိုး မရှိဘူးလို့ Centcom က ပြောပါ တယ်။
ကူဝိတ်နိုင်ငံ ဘက်ကလည်း သူတို့ရဲ့တပ်ဖွဲ့တွေဟာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ရင်ဆိုင် တားဆီးခဲ့ရတယ်လို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ တနင်္လာနေ့ အစောပိုင်းမှာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Truth Social က တဆင့် ဝေဖန်သူတွေကို “သက်သောင့်သက်သာ ထိုင်ကြည့်နေဖို့” ပြောခဲ့ပြီး အားလုံးဟာ အဆုံးသတ်မှာ အဆင်ပြေသွားမှာပါလို့ ရေးသားခဲ့ပါတယ်၊ ဒါ့အပြင် အီရန်ဟာ “တကယ်ပဲ သဘောတူညီချက်တခု ရချင်နေတာဖြစ်ပြီး အဲဒါဟာ အမေရိကန် အတွက် အကျိုးရှိမယ့် သဘောတူညီချက် ဖြစ်လာလိမ့်မယ်” လို့လည်း သူက ဆိုပါတယ်။
လပေါင်းများစွာကြာနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက် ရရှိရေး ဆွေးနွေးပွဲတွေဟာ သီတင်းပတ်ကုန်ရက်မှာ တိုးတက်မှုမရှိဘဲ ပျက်ပြားသွားခဲ့ပြီးနောက်မှာ အခုလို ထိပ်တိုက် တွေ့မှုတွေ ထပ်မံ ဖြစ်ပေါ်လာတာ ဖြစ်ပြီး၊ ထရမ့်က သဘောတူညီချက်ပါ စည်းကမ်းချက် တချို့ကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။
အဲဒီပြင်ဆင်ချက်တွေဟာ ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်း ကိစ္စနဲ့ အီရန်နိုင်ငံ ကနေ သန့်စင်ပြီး ယူရေနီယံတွေကို ဖယ်ရှားရေး ကိစ္စတွေနဲ့ သက်ဆိုင်တယ်လို့ CBS News က ဖော်ပြခဲ့ပေမဲ့ အိမ်ဖြူတော် ဘက်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ဟာ “သူတို့ရဲ့အမြင်တွေကို ခဏခဏပြောင်းလဲနေပြီး တောင်းဆိုချက် အသစ်တွေ ဒါမှမဟုတ် ရှေ့နောက်မညီတဲ့ တောင်းဆိုချက် တွေကိုပဲ တင်ပြနေတယ်” လို့ ပြောခဲ့ပြီး ဒါဟာ ဆွေးနွေးပွဲတွေကို ကြန့်ကြာ စေလိမ့်မယ်လို့ ဆိုပါတယ်။
အီရန်ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ အာမ မခံနိုင်မချင်း ဘယ်သဘောတူညီချက်ကို မဆို တီဟီရန်ဘက်က သဘောတူမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ အဓိက ညှိနှိုင်းရေးမှူးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
–
