အစ္စရေးက အီရန်ကို ၁၅ ကြိမ်မြောက် ထိုးစစ်လှိုင်းနဲ့ တိုက်ခိုက်၊ တီဟီရန် က စစ်ဘက် ကွပ်ကဲရေး ဘန်ကာကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ဆို
မတ်လ ၆ – ၂၀၂၆
အစ္စရေးက အီရန် အစိုးရ အဆောက်အအုံတွေကို (၁၅) ကြိမ်မြောက် တိုက်ခိုက်မှု လှိုင်းအဖြစ် ထပ်မံ လုပ်ဆောင်လိုက်ပြီလို့ ကြေညာလိုက် ပါတယ်။
အမြင့်ဆုံးခေါင်းဆောင် ခါမေနီ အသုံးပြုဖို့ စီစဉ်ထားတဲ့ တီဟီရန်မြို့က စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှု ဘန်ကာကို တိုက်လေယာဉ် အစင်း ၅၀ အသုံးပြုပြီး ဖျက်ဆီး နိုင်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ် IDF က ဆိုပါတယ်။
ဒီဘန်ကာကို ခါမေနီ ရဲ့ လုံခြုံစိတ်ချရတဲ့ အရေးပေါ်ကွပ်ကဲမှုဗဟိုဌာန အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထားတာ ဖြစ်ပေမယ့် ခါမေနီဟာ ဒီဘန်ကာကို အသုံးမပြုခင် ဖယ်ရှားရှင်းလင်းခံ လိုက်ရတာ ဖြစ်ပါတယ်။
ဘန်ကာဟာ တီဟီရန်မြို့လယ်ရှိ လမ်းသွယ်တွေ အောက်အထိ ကျယ်ပြန့်ကာ အီရန်အစိုးရ အဆင့်မြင့် အရာရှိကြီးတွေ ဆက်လက် အသုံးပြုနေတဲ့ နေရာဖြစ်တယ်လို့ IDF က ပြောကြား ထားပါတယ်။
တီဟီရန်မြို့ခံတွေကတော့ “မနေ့ညက အဆိုးဆုံးညပဲ” လို့ ပြောကြားခဲ့ပြီး ဒါဟာ စစ်ပွဲစတင် ကတည်းက တကယ့်ကို အပြင်းထန်ဆုံးည ဖြစ်ခဲ့ ပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ပေါ်သို့လည်း အစ္စရေးစစ်တပ်က တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ အီရန်ဘက်ကလည်း အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့သလို၊ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ ဘာရိန်းနိုင်ငံတွေ ကလည်း သူတို့ နိုင်ငံတွေဆီ ဦးတည်လာတဲ့ တိုက်ခိုက်မှုတွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အစ္စရေးကတော့ သူ့နိုင်ငံ နယ်မြေအတွင်း အီရန်ရဲ့ တိုက်ခိုက်မှုတွေ ရှိလာ နိုင်ကြောင်း အစောပိုင်းက သတိပေးခဲ့ပေမယ့် အခုအခါ ခြိမ်းခြောက်မှု ပြီးသွားပြီလို့ အလျင်အမြန် ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေး အရေးပေါ် ကယ်ဆယ်ရေးဌာနရဲ့ ပြောကြားချက်အရ အခု အချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း သိရပါတယ်။
ယူကေ ဒုတိယဝန်ကြီးချုပ် David Lammy ကတော့ အရှေ့အလယ်ပိုင်း က ဗြိတိန် နိုင်ငံသားတွေကို အိုမန်နိုင်ငံက တဆင့် လေယာဉ်နဲ့ ပြန်လည် ခေါ်ယူ နိုင်ဖို့ ထပ်မံ ကြိုးပမ်း သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အခုဆိုရင် စစ်ပွဲဟာ ၇ ရက်မြောက်နေ့ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ref: bbc
—————————
THN Public Media
