နိုင်ငံတကာ

အီရန်လမ်းမတွေပေါ် ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ အမေရိကန်တိုက်ခိုက်မှုကို ထောက်ခံမှုတွေရှိ

TEHRAN, IRAN – FEBRUARY 28: Iranians gather in the streets amid reports of widespread attacks in the country by the United States and Israel on February 28, 2026 in Tehran, Iran. After explosions were seen in the Iranian capital, the office of the Israeli Defense Minister issued a statement saying it had launched a preemptive strike against the country, followed by a statement from the U.S. president that they had launched combat operations. (Photo by Getty Images

ဖေဖေါ်ဝါရီ ၂၈ – ၂၀၂၆

အမေရိကန်နဲ့ အစ္စရေးတို့ကနေ အီရန်ကို တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၀ မိနစ် လောက်မှာ အီရန်မြို့တော်က ပြည်သူတွေဟာ အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲ သံကြီးတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ ပေါက်ကွဲမှုဖြစ်ရာ နေရာအနီးက လူတွေဟာ အော်ဟစ် ငိုယိုသံတွေနဲ့အတူ ထိတ်လန့်တကြား ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။

ဒါပေမဲ့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မှသာ အစိုးရပြုတ်ကျနိုင်မယ်လို့ ယုံကြည်သူတွေ ကြားမှာတော့ စိတ်သက်သာရာရမှုတွေနဲ့ အောင်ပွဲခံတဲ့ ခံစားချက်မျိုးတွေတောင် ရှိနေတယ်လို့ က ဆိုပါတယ်။

ဗီဒီယိုတစ်ခုမှာတော့ အမျိုးသမီးတဦးက အီရန် ခေါင်းဆောင် ခါမေနီရဲ့ နေအိမ် တိုက်ခိုက် ခံရပြီလို့ ပြောရင်း သိသိသာသာကို စိတ်သက်သာရာ ရနေတဲ့ ပုံစံမျိုးနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။

နောက်ထပ် ဗီဒီယိုတခုမှာတော့ ကျောင်းက ဆယ်ကျော်သက်လေးတွေဟာ တိုက်ခိုက်မှုတွေ ဖြစ်လာပြီ ဆိုပြီး ကခုန် ကြွေးကြော်နေကြကာ “ထရမ့်ကို ချစ်တယ်” လို့တောင် အော်ဟစ်နေကြ ပါတယ်။

လူအများအပြားဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့ ကြိုတင် ခန့်မှန်း ထားကြ ပြီးသား ဖြစ်ပါတယ်။

သောကြာနေ့ည ကတည်းက စက်သုံးဆီဆိုင်တွေမှာ တန်းစီနေကြသလို၊ မြို့တော်တီဟီရန်က လူတော်တော် များများဟာ ပိုပြီးဘေးကင်းမယ်လို့ ယူဆရတဲ့ ကက်စပီယံ ပင်လယ် အနီး မြောက်ပိုင်း ဒေသတွေဆီကို စတင်ထွက်ခွာနေကြပါပြီ။

တိုက်ခိုက်မှုတွေ စတင်ချိန် ကတည်းက အီရန်နိုင်ငံတွင်း အင်တာနက်တွေ လုံးဝပြတ်တောက် သွားတာကြောင့် နိုင်ငံအတွင်းက ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။

အချို့ကတော့ SpaceX ရဲ့ Starlink ဂြိုဟ်တု အင်တာနက်နဲ့ VPN တွေ သုံးပြီး ခဏတာ အင်တာနက် သုံးနိုင်ခဲ့ကြပါတယ်။

အင်တာနက် မပြတ်ခင်မှာ တချို့သူတွေက လေကြောင်း တိုက်ခိုက်မှုကြောင့် သူတို့ သေဆုံးသွားရင် သိစေဖို့ လူမှုကွန်ရက်မှာ စာတွေ ရေးတင်ခဲ့ကြပါတယ်။

လေထုထဲမှာ စစ်ပွဲရဲ့ အငွေ့အသက်တွေနဲ့ တင်းမာမှုတွေ ပြည့်နှက်နေပါတယ်။

လူတွေဟာ စည်သွပ်ဗူး တွေနဲ့ စားနပ် ရိက္ခာတွေကို ကြိုတင်ဝယ်ယူ စုဆောင်းနေကြပါတယ်။

ခေါင်းဆောင်ကြီး အလီခါမေနီရဲ့ ရုံးခန်းရှိရာ လမ်းတွေပေါ်မှာ လုံခြုံရေးတွေ အပြင်းအထန် ချထားတာကို တွေ့ရတယ်လို့ မြို့ခံတစ်ဦးက Starlink ကတဆင့် ပြောပြပါတယ်။

“ဒီစစ်ပွဲကို ဖြစ်စေတဲ့ အစ္စလာမ္မစ် အာဏာရှင်စနစ်ကို ကျိန်စာတိုက်တယ်၊ ကျွန်တော်တို့ စစ်ပွဲ ၃ ခုတောင် ခံခဲ့ရပြီးပြီ” လို့ တဦးက ဆိုရှယ်မီဒီယာကနေ ပြောပါတယ်။

“ကျွန်တော်တို့ဟာ လူသားတွေပါ၊ အသက်ရှင်ပိုင်ခွင့်ရှိတယ်၊ ကျွန်တော်တို့ရဲ့ အနာဂတ်ကို လူပုဂ္ဂိုလ် တဦးတယောက်အပေါ် မူမတည်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် လုပ်ပေးကြပါ” လို့လည်း မျှဝေမှုတွေ ရှိနေပါတယ်။

အီရန်အစိုးရရဲ့ အဆိုးရွားဆုံး နှိမ်နင်းမှုတွေကို ကြုံခဲ့ရတဲ့ အီရန်နိုင်ငံသား တော်တော် များများကတော့ အဆင့်မြင့် အရာရှိတွေ သေဆုံးရမယ် ဆိုရင်တောင် အစိုးရ အပြောင်းအလဲကို ကြိုဆို ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှု တခုတည်းနဲ့တော့ အစိုးရ ပြုတ်ကျသွားမှာ မဟုတ်ဘူးလို့ စိုးရိမ်သူတွေ လည်း ရှိပါတယ်။

အစိုးရက ပြုတ်မကျဘဲ ဆက်ရှိနေရင် ပြည်သူတွေ အပေါ် အရင်ကထက် ပိုမို ရက်စက်လာမှာကို သူတို့ ကြောက်ရွံ့နေကြတာပါ။

“အကူအညီတွေ ရောက်လာပြီ” ဆိုတဲ့ ဖုန်းစာသားတွေ ဝင်လာနေပြီး လူတွေကို အိမ်မှာပဲ နေကြဖို့နဲ့ အစိုးရ တပ်တွေကို လက်နက်ချဖို့ တိုက်တွန်းနေကြပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ရင်တော့ ပြည်သူတွေရဲ့ စိတ်ဓာတ်က ပြောင်းလဲ သွားနိုင်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် မိန်းကလေး ကျောင်းတခုမှာ လူ အများအပြား သေဆုံးခဲ့တယ်လို့ အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ အီရန်လူထုက ဒေါသထွက်နေကြပါတယ်။

ဒါပေမဲ့ အီရန်အစိုးရ အပေါ် လုံးဝမယုံကြည်ကြတာကြောင့် အစိုးရရဲ့ ထုတ်ပြန်ချက်ကို အများစုက လက်မခံကြဘဲ၊ ဒါဟာ အစိုးရရဲ့ လက်ချက်ပဲလို့ ပြန်လည် စွပ်စွဲနေကြသူတွေလည်း ရှိနေပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *