နိုင်ငံတကာ နိုင်ငံရေး

အောက်တိုဘာ ၇ ရက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အစ္စရေးပြုလုပ်

အောက်တိုဘာ ၈ – ၂၀၂၅

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှု ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အစ္စရေး နိုင်ငံသားတွေဟာ မနေ့ အောက်တိုဘာ ၇ ရက်နေ့က တနိုင်ငံလုံးမှာ စုရုံး ကျင်းပခဲ့ သလို၊ အီဂျစ် နိုင်ငံ မှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်နေ ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ရဲ့ အစ္စရေးထဲ ဝင်ရောက် တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံ အဖြစ် ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဟိုလိုကော့စ် (Holocaust) ဖြစ်ပြီး နောက်ပိုင်း ဂျူးလူမျိုးတွေ အတွက် တရက်တည်း သေဆုံးမှု အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။

အစ္စရေးက စစ်ရေးအရ ဂါဇာကို တုံ့ပြန် ထိုးစစ်ဆင်ရာမှာ ဟားမတ်စ် အုပ်ချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဂါဇာမှာ လူပေါင်း ၆၇၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အောက်တိုဘာ ၇ ရက် နှစ်ပတ်လည်နေ့ အတွက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က “အလွန်ကြီးမားတဲ့ နာကျင်မှု” နဲ့ အတူ အစ္စရေးဟာ “အံ့ဖွယ် ခံနိုင်ရည်ရှိမှု” ကို ပြသခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

‘’သွေးဆာနေတဲ့ ရန်သူတွေဟာ ကျွန်တော်တို့ကို ပြင်းထန်စွာ တိုက်ခိုက် ခဲ့ပေမဲ့ ချိုးဖျက်နိုင်ခဲ့ခြင်း မရှိဘူး” လို့ နေတန်ယာဟုက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

“စစ်ပွဲ ရည်မှန်းချက်အားလုံးကို အောင်မြင်အောင် လုပ်ဆောင်မယ်’’ လို့ နေတန်ယာဟုက ပြောပြီး ‘’ပြန်ပေးဆွဲခံရသူ အားလုံး ပြန်လာရေး၊ ဟားမတ်စ် အုပ်ချုပ်မှု ဖျက်သိမ်းရေးနဲ့ ဂါဇာဟာ အစ္စရေးအတွက် ခြိမ်းခြောက်မှု မဖြစ်စေဖို့ အာမခံချက် ပေးရေး” တို့ကို သူက ကတိပြုခဲ့ ပါတယ်။

ဟားမတ်စ် တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ အစ္စရေးတွေ အတွက် မိသားစု တွေက အောက်မေ့ဖွယ် အခမ်းအနား တခုကို တဲလ်အဗိစ် (Tel Aviv) မြို့မှာ ကျင်းပခဲ့ကြပါတယ်။

မိသားစုများ ကိုယ်တိုင် စီစဉ် ကျင်းပခဲ့သော ဒီအခမ်းအနားကို အစ္စရေး ရုပ်မြင် သံကြားလိုင်းတွေက ထုတ်လွှင့်ပြသခဲ့ပါတယ်။

အဲဒီမတိုင်ခင် နာရီအနည်းငယ် အလိုမှာ တစ်နိုင်ငံလုံး တမိနစ်ကြာ တိတ်ဆိတ် ငြိမ်သက်ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က လွန်ခဲ့တဲ့ နှစ်နှစ်က အစ္စရေး တောင်ပိုင်းမှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို ပြန်ပြောင်း ပြောဆိုရာမှာ “မှောင်မိုက်တဲ့ ကြောက်မက်ဖွယ်ရာ အဲဒီနေ့ကို ကျွန်ုပ်တို့ အားလုံးရဲ့ မှတ်ဉာဏ်မှာ ထာဝရ စွဲထင်နေမယ်” လို့ ပြောကြားခဲ့ ပါတယ်။

ဂူးတာရက်စ်က ဆက်ပြီး ပြောကြားရာမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်မ် ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောတူဖို့ သက်ဆိုင်သူ အားလုံး ကို တောင်းဆိုခဲ့ပြီး “ဒီကြေကွဲဖွယ် ပဋိပက္ခကို အဆုံးသတ်ဖို့” အတွက် “သမိုင်းဝင် အခွင့် အရေး” အဖြစ် ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *