ဇွန် ၃ – ၂၀၂၆
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အိန္ဒိယဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက် အရ သမ္မတ အဖြစ် ဦးမင်းအောင်လှိုင် က အိန္ဒိယကို သွားရောက်ခဲ့ချိန်မှာပဲ တော်လှန်ရေး အင်အားစုတွေရဲ့ မဟာမိတ် တပ်ပေါင်းစု တခုဖြစ်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကိုယ်စားလှယ်တွေဟာလည်း ကနေဒါနိုင်ငံကို သွားရောက်ပြီး ကနေဒါ အစိုးရ နဲ့ လွှတ်တော် က တာဝန်ရှိသူတွေနဲ့ မြန်မာ့ အရေး တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
SCEF ဘက်က SCEF ဖွဲ့စည်းရခြင်း အကြောင်းနဲ့ လုပ်ငန်းဆောင်ရွက်နေမှု အပါအဝင် မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ကနေဒါ ဘက်က မြန်မာပြည်သူတွေနဲ့ အတူ အခိုင်အမာ ရပ်တည်နေကြောင်း ပြောကြားခဲ့ပြီး၊ လူသားချင်း စာနာမှု အကူအညီ အပြည့်အ၀ ရောက်ရှိနိုင်ရေး တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဖို့ အပါအဝင် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးနိုင်ရေး၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်နိုင်ရေး ကိစ္စရပ်ဆွေကို ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးခဲ့သူတွေကတော့ ကနေဒါ နိုင်ငံခြားရေး၀န်ကြီး ပါလီမန်ရေးရာအတွင်းဝန် ရောဘတ်အိုလီဖန့်၊ လွှတ်တော်အမတ် ဂါနက်ဂျီးနီယက် နဲ့ အဒမ်ချိန်ဘာ တို့ ဖြစ်ကြောင်း သိရပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့မှာတော့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အကြံပေး ဦးကျော်ဇော်၊ ကရင်နီ IEC က နဲနယ်ပလို နဲ့ KNU က စောနီးမရော့ဒ် တို့ပါဝင်ပါတယ်။
ဒါ့အပြင် SCEF ကိုယ်စားလှယ်အဖွဲ့ဟာ တိုရန်တိုတက္ကသိုလ် မှာ တွေ့ဆုံ ဆွေးနွေးခဲ့သလို ကနေဒါ ရောက် မြန်မာနွယ်ဖွားတွေ နဲ့လည်း Town Hall Meeting တွေ ပြုလုပ်ခဲ့တယ်လို့ SCEF က သတင်း ထုတ်ပြန် ထားပါတယ်။
—————————
THN Public Media
