နိုင်ငံတကာ

ဩစတြေးလျ နိုင်ငံ ဘွန်ဒိုင်ကမ်းခြေ ပစ်ခတ်မှု လူ ၁၅ ဦးသေဆုံး

ဒီဇင်ဘာ ၁၅ – ၂၀၂၅

ဩစတြေးလျ နိုင်ငံ ဘွန်ဒိုင်ကမ်းခြေမှာ ဂျူးလူမျိုးတို့ရဲ့ Hanukkah ပွဲတော် စတင်ခြင်း အထိမ်းအမှတ်ပွဲ ပြုလုပ်နေတဲ့ လူပေါင်း ၁၀၀၀ ကျော် တက်ရောက်နေတဲ့အချိန် သေနတ်သမား ၂ ဦး ရဲ့ ပစ်ခတ်မှုကြောင့် ကလေးတဦး အပါအဝင် လူ ၁၅ ဦး သေဆုံး သွားခဲ့ရပါတယ်။

နောက်ထက် ၃၈ ဦးကတော့ ဆေးရုံကို ပို့ဆောင်ထားရပြီး ဒီပစ်ခတ်မှုကို အကြမ်းဖက်မှု အဖြစ် သတ်မှတ် ကိုင်တွယ်ဆောင်ရွက်နေကြောင်း ရဲက ပြောကြားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားစဉ် ရိုက်ကူးထားတဲ့ ဗီဒီယို တခုမှာ တွေ့ရတာကတော့ သေနတ်သမား တဦးကို အရပ်သား အမျိုးသား တဦးက ဝင်လုံးပြီး သေနတ် ကို လုယူလိုက်တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ သေနတ်မရှိတော့ပဲ ထွက်ပြေးနေတာကို တွေ့ရ ပါတယ်။

သေနတ်ဝင်လုတဲ့ အမျိုးသားကို “သူရဲကောင်း” အဖြစ် ရဲက ခေါ်ဆိုခဲ့ပြီး သူဟာ အသက် ၄၃ နှစ် အရွယ် နာမည်ကတော့ Ahmed al Ahmed ဖြစ်ကြောင်း သိရပါတယ်။

သူဟာ သစ်သီးဆိုင် ပိုင်ရှင်ဖြစ်ပြီး ကလေးနှစ်ဦးရဲ့ ဖခင်လည်း ဖြစ်ကာ သူရဲ့ လက်မောင်းနဲ့ လက်ဖဝါးမှာ သေနတ် ကျည်ဆန် ဒဏ်ရာ ရရှိခဲ့တာ ကြောင့် ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

သေနတ်သမား နှစ်ဦးကတော့ သားအဖ တွေ ဖြစ်ပြီး အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ က ဖြစ်ပွားရာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး၊ အသက် ၂၄ နှစ်အရွယ် သားဖြစ်သူကတော့ ဆေးရုံမှာ အရေးပေါ် အခြေအနေနဲ့ ရှိနေ ပါတယ်။

ဖခင်ဖြစ်သူဟာ သေနတ်ကလပ် အဖွဲ့ဝင် တဦးဖြစ်ပြီး သေနတ်အရှည် ကိုင်ဆောင်ခွင့် လိုင်စင် ရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဝန်ကြီးချုပ် Anthony Albanese က ဒီတိုက်ခိုက်မှုဟာ ဂျူးလူမျိုး အသိုင်း အဝိုင်း ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ မကောင်းဆိုးဝါး လုပ်ရပ် သာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *