War နိုင်ငံရေး

မိုးကုန်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့ အပေါ် ပေးဆပ်နစ်နာသူတွေ အတွက် ဗိုလ်ချုပ် တားဘုန်းကျော် အနူးအညွတ် တောင်းပန်၊ ဆဲဆိုနေသူတွေကို ရှင်းလင်း

ဒီဇင်ဘာ ၁ – ၂၀၂၅

မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့ အပေါ် ‘’တကယ်ပေးဆပ် နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်’’ လို့ TNLA တအာင်းအဖွဲ့ရဲ့ ဗိုလ်ချုပ်တားဘုန်းကျော် က သူ့ရဲ့ ဖေ့စ်ဘွတ် ကနေတောင်းပန်စကား ပြောကြားလိုက်ပါတယ်။

‘’ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်’’ လို့လည်း သူကဆိုပါတယ်။

မိုးကုတ် ဋီကာ… ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသားထားရာမှာ ဗိုလ်ချုပ်တားဘုန်းကျော် က မိုးကုတ်-မိုးမိတ် ပြန်ပေး လိုက်ရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးဖျာခင်းသူနဲ့ ဘာမှန်းမသိဆဲချင်သူတွေကို ရှင်းလင်းတာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မိုးကုတ်မြို့ဟာ ရှေး နှစ်ပေါင်းထောင်ချီကတည်းက တအာင်းတို့ တည်ထောင်လာတာ ဖြစ်ပြီး တချိန်မှာ ပြန်ရဖို့ မျှော်လင့်ထားကြောင်း ပြောထားပါတယ်။

နွေဦးတော်လှန်ရေး အတွက် အကောင်းဆုံး ပံ့ပိုး ခဲ့ကြောင်း နဲ့ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ D-Day ကြေညာထားသူတွေက လက်တွေ့ ပါမလာကြောင်းနဲ့ တအာင်းတွေသာ လေယာဥ်ဗုံးဒဏ်ကို ခံခဲ့ရတာဟာ အသဲနှလုံးတွေ နာကြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျည်မရှိ ဘတ်ဂျတ်မရှိ သေစရာလူသူလည်း နည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ ညှိပြီး အပစ်ရပ်ရ ကြောင်းနဲ့ ပွဲက မပြီးသေးပါဘူးလို့ ရင်ဖွင့်ထားပါတယ်။

ဒီလို အခြေအနေမှာ ဆဲဆိုမှုတွေ များလှကြောင်းနဲ့ ‘’နားနားပြီးဆဲ’’ ဖို့နဲ့ စစ်အာဏာရှင်ကိုလည်း နားနားပြီးတိုက်ဖို့ ရေးထားပါတယ်။

တအာင်းက ကူညီခဲ့ဖူးသူတွေ အနေနဲ့ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လိုအပ်ရင် လာရောက်နားခိုနိုင်ကြောင်းလည်း ဖေါ်ပြ ထားပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော် ရေးသားထားချက် အပြည့်အစုံ

———————

မိုးကုတ် ဋီကာ…

…………………………………………………

မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် နိုင်ငံရေးဖြာခင်းသူနဲ့ ဘာမှန်းမသိ ဆဲချင်သူတွေကို ရှင်းချင်ပါတယ်…

ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်

ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်။

တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်…

ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။

အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။

ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။

သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။

နွေဦးတော်လှန်ရေးမှာ

ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ် …

လက်သုံချောင်းထောင်သူတွေကို လစဉ် ဆန်ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင် လေ့ကျင့်ပျိုးထောင်ခဲ့တယ်။

၃-၄ နှစ်ကာလအတွင်း အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။

လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့တယ်။

အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးချင်းနီရဲလို့ သေမလောက်ပါပဲ…

ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမဲ့ မီရာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်။

တကယ့် တကယ် ၁၀၂၇ လုပ်တော့

ဘယ်ဒီဒေးကမှ လက်တွေ့ပါမလာပဲ

နောက်ဆုံး ကိုယ်ပဲအထီးကျန်

ရွာက အိမ်သူလိုည်းတွေပါ လေယာဉ်ဗုံးဒဏ်သင့်ကြရတယ်

ရင်ဘတ်တွေတဖြန်းဖြန်းကွဲ အသဲနှလုံးတွေ နာကြင်ရပါတယ်။

ကျည်မရှိ

ဘတ်ဂျတ်မရှိ

သေစရာလူသူလည်းနည်းလာတော့

မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်

ပွဲကမပြီးသေးပါဘူး..

ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်

အိုကွယ် …

မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ

မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်…

တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲ

ပြီးတော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ…

တော်လှန်သူတွေအတွက် ငါတို့ရင်ခွင် ဖွင့်ထားတာမို့

လိုအပ်ရင်ခိုနားလှည့်ပါလေ….

ဘုန်းကျော် (လက်ဖက်မြေ)

၂၀၂၅/၁၂/၀၁

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *