မြန်မာနိုင်ငံ ရန်ပုံငွေအသစ် မရရှိရေး ဥပဒေကြမ်း (No New Burma Funds Act) ကို အမေရိကန် အောက်လွှတ်တော်မှာ မနေ့က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို ဂျော်ဂျီယာ ပြည်နယ် က Ms. Williams က ဇူလိုင်လ အတွင်းက တင်သွင်းခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ထဲမှာ နောက်ထပ် အမတ် ၂ ဦး ထောက်ခံပြီး ပူးတွဲ အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ် က ထုတ်ပေးနေတဲ့ ငွေကြေးနဲ့ ကတိကဝတ်တွေကို ဆက်လက် ဆိုင်းငံ့ထားရှိစေရေး ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။
ဒိအတွက် နိုင်ငံတကာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဘဏ်ရှိ အမေရိကန်ပြည်ထောင်စု အမှုဆောင်ဒါရိုက်တာကို အမေရိကန် သဘောထား နဲ့ ဆန္ဒကို အသုံးပြုပြီး ဆောင်ရွက်ဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ကနေ ညွှန်ကြားရမှာ ဖြစ်ပါတယ်။
ဒါဟာလည်း ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ အတွက် ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုလို ဆောင်ရွက်တာဟာ အမေရိကန် အမျိုးသား အကျိုးစီးပွားနဲ့ မကိုက်ညီကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဆုံးဖြတ်ခဲ့မယ် ဆိုရင် ဒီပြဋ္ဌာန်းချက် ကနေ ကင်းလွတ်ခွင့်ရရှိစေမှပါ။
ဒီဥပဒေမူကြမ်းကို ဆီးနိတ်အထက်လွှတ်တော်မှာ အတည်ပြုဖို့နဲ့ သမ္မတ လက်မှတ်ထိုး ဖို့ လိုအပ်ပါသေးတယ်။
—————————
THN Public Media
