PDF ထိန်းချုပ်ထားခဲ့တဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လက်ရှိမှာ စစ်တပ်က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ မြေပြင်ကနေ သာလွန်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာ ဖြစ်သလို လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေလည်း အဆက်မပြတ် ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေး တလနီးပါး အကြာမှာတော့ စဉ့်ကူးမြို့အဝင် ငါးမိုင်အကွာက စစ်ရေးအတွက် အချက်အခြာကျတဲ့ လက်ပန်လှရွာ အပါအဝင် မိုးကုတ် – မန္တလေး လမ်းပိုင်း တခုလုံးနီးပါးနဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေပိုင်းကစပြီး မြို့ထဲကို စစ်တပ်က ဝင်ရောက်လာတာ ဖြစ်ပြီး လက်ရှိမှာတော့ မြို့ထဲအနှံ့ နေရာယူထား ကြောင်း စစ်ရေး သတင်းရင်းမြစ် တဦးက ပြောပါတယ်။
လက်ပံလှကျေးရွာရဲ့ အနောက်ဘက် ၅ မိုင်ကျော်အကွာမှာ စဉ့်ကူးမြို့ ရှိသလို မြောက်ဘက်မှာတော့ ရွှေလုပ်ကွက် အများဆုံးရှိရာ ကျည်တောက် ပေါက်ရွာ ရှိတာကြောင့် လက်ပန်လှကျေးရွာဟာ နှစ်ဘက်လုံးအတွက် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ဒီဇင်ဘာလအတွင်းမှာ စဉ့်ကူးမြို့နဲ့ စဉ့်ကူးနယ်က အရေးပါတဲ့ နယ်မြေ တချို့ကို စစ်တပ်က ပြန်လည် သိမ်းယူနိုင်ခဲ့တာကြောင့် PDF တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ တချို့လောက်သာ ကျန်ရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီ မြစ်ကမ်းကိုကူးကာ တိမ်းရှောင်ကြတဲ့ ဒေသခံပြည်သူတွေ ထောင်နဲ့ချီ ရှိနေပြီး တိမ်းရှောင်ရာ လမ်းကြောင်း တလျှောက်မှာ တိုက်ပွဲတွေ အပြင် လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိနေတဲ့ အတွက် လမ်းပိုင်း တချို့မှာ ပိတ်မိနေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း နယ်တွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
တနှစ်ကျော်ကြာ နယ်မြေ စိုးမိုးထားနိုင်ခဲ့တာ ဖြစ်ပေမယ့် အခု ၂၀၂၅ အတွင်းမှာ ပြန်လည် လက်လွှတ်လာရတာဖြစ်ပြီး လက်ရှိမှာ မန္တလေးတိုင်း ထဲက မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ် ထားပြီ ဖြစ်ပါတယ်။
Crd – VOM
photo: telegram
—————————
THN Public Media
