နိုင်ငံတကာ

ဆွစ်ဇာလန် နှင်းလျှောစီး အပန်းဖြေစခန်း က ဘားတခု မီးလောင်မှု လူ ၄၀ ခန့် သေဆုံး

ဇန်နဝါရီ ၁ – ၂၀၂၆

ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းက နာမည်ကြီး နှင်းလျှောစီး အပန်းဖြေ စခန်း တခုမှာ ရှိတဲ့ ဘားတခုမှာ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ၄၀ ခန့် သေဆုံး သွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နောက်ထပ် လူပေါင်း ၁၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီထဲမှာ အများစုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မီးလောင်မှုဟာ Crans-Montana အရပ်မှာရှိတဲ့ Le Constellation ဆိုတဲ့ ဘားမှာ နှစ်သစ် ကူးပွဲတော် ကျင်းပနေစဉ် အတွင်း မနက်အစောပိုင်း ၁ နာရီ ခွဲဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့တာပါ။

အာဏာပိုင်တွေ ကတော့ အခုဖြစ်စဉ်ဟာ တိုက်ခိုက်မှု တခုကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းရင်း ကိုတော့ စုံစမ်း စစ်ဆေး နေဆဲ ဖြစ်ပါတယ်။

ဒီမီးလောင်မှုအတွင်း နိုင်ငံပေါင်းစုံက ကမ္ဘာလှည့်ခရီးသွားတွေ ထိခိုက် သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ ပါတယ်။

အခင်းဖြစ်ပွားရာ နေရာကို ရဟတ်ယာဉ် ၁၀ စီး၊ လူနာတင်ယာဉ် ၄၀ စီးနဲ့ ကယ်ဆယ်ရေး သမား ၁၅၀ ကျော် ချက်ချင်းစေလွှတ်ပြီး ကူညီခဲ့ကြ ပါတယ်။

ဒဏ်ရာ ရရှိသူ အများစုဟာ ပြင်းထန်တဲ့ မီးလောင် ဒဏ်ရာတွေကို ခံစားခဲ့ ရပြီး အနီးနားက ဆေးရုံတွေ အပြင် လူးဇန်းနဲ့ ဇူးရစ်မြို့က အထူးကု ဆေးရုံတွေ ကိုပါ ပို့ဆောင်ထားရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေဆီ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးနိုင်ဖို့ စိစစ်မှုတွေ အထူးလုပ်ဆောင်နေ ပါတယ်။

ဒေသခံသတင်းအချို့မှာတော့ မီးရှူးမီးပန်းတွေကြောင့် မီးစတင် လောင်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြနေကြပေမဲ့ အစိုးရ ဘက်ကတော့ အတည်ပြုခြင်း မရှိသေးပါ။

ဆွစ်ဇာလန်သမ္မတ ကတော့ “ပျော်ရွှင်စရာ အခိုက်အတန့်ဟာ တနိုင်ငံလုံးနဲ့ တကမ္ဘာလုံးကို တုန်လှုပ်စေတဲ့ အနိဋ္ဌာရုံ အဖြစ် ပြောင်းလဲသွားခဲ့ရတယ်” လို့ ဝမ်းနည်းစကား ဆိုထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *