စစ်ကိုင်းတိုင်း အထက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့မှာ လက်ရှိ အချိန်ထိ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ခုချိန်ထိ ကသာမြို့ထဲမှာပါ။ ဘေးကင်းပါသေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကသာမှာ လက်ရှိ အချိန် အထိတော့ ရုံးကြီး၊ ရဲစခန်း၊ အကျဉ်းထောင်၊ တပ် အားလုံး ဘာသံမှ မကြားသေးဘူးလို့လည်း ဆိုပါတယ်။
ရပ်ကွက်ထဲ မှာတော့ PDF နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ စိမ့်ဝင်နေလို့ ထိတွေ့ တိုက်ပွဲ တွေ ဖြစ်နေတာ ရှိပါတယ်။
“ကသာ သိမ်းလိုက်တယ် ဆိုတာ မဟုတ်ပါဘူး။ ဝိုင်းပြီး ပိတ်ဆို့ထားတုန်းပဲ ရှိသေး တာပါ။ ထောင်လည်း မပွင့်ပါဘူး” လို့ PDF နဲ့နီးစပ် သူတယောက်က ပြောပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ည ၇ နာရီခွဲကျော်ခန့်နဲ့ ည ၁၁ နာရီခွဲကျော်ခန့်က သိမ်အင်း တောင်ဘက် ကားလမ်းဘက် လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိပြီး လက်ရှိထိ ထူးခြားတဲ့ လှုပ်ရှားမှုတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။
စစ်ရှောင် တဦးကတော့ “မပြေးရင် ကိုယ့်ခေါင်းပေါ် ကျည်တွေ ကျနိုင်တဲ့ အခြေအနေ တွေမို့လို့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေလည်း ရှိနေတော့ ထွက်လာ ရတာပါ။ ဘယ်နေရာ ဘယ်အချိန် ဘာထဖြစ်မယ် ဆိုတာ မသိရပဲ စိတ်ပူ နေရတဲ့ အခြေအနေမှာ ဘယ်သူ ဖြစ်ဖြစ် အသေမခံနိုင်လို့ ထွက်ပြေးကြရတာပါ” လို့ ပြောပါတယ်။
တချို့နေရာတွေက ထွက်ခိုင်းလို့ ရှောင်ထွက်လာကြရတာ ဖြစ်ပြီး ကသာမြို့ အစပ်က ရွာတွေ၊ အင်းရွာ၊ ရွာသစ် မြို့ပတ်ချာလည်က ရွာတွေ အကုန်၊ မြို့နဲ့ ၅ မိုင်ပတ်လည် နေရာက ဒေသခံတွေက တိုက်ပွဲ ဘေးလွတ်ရာ တိမ်းရှောင်ရတယ်လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်တွေက ခြေဦးတည့်ရာ မိုးညှင်း၊ မော်လူး၊ ဖားပန်၊ နဘား၊ ကျောက်ပုံ ဘက် တိမ်းရှောင်ကြပြီး ကသာကနေ ကျောက်ပုံဘက် ထွက်၊ အင်းရွာဘက်ကူးပြီး မန္တလေးဘက် ရှောင်လို့ ရတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ် တစီးတည်းရှိလို့ မိဘကျန်၊ သားသမီးကျန် လို့ ပြန်လှည့်ကြိုတာတောင် အဝင် မခံတော့ပဲ မြို့ထဲကနေ ထွက်လာပြီးရင် ပြန်မဝင်ခိုင်းတော့တာကြောင့် ပစ္စည်းတွေများ ပြန်ဝင်ယူခိုင်းမလား၊ အခြေအနေများ ကောင်းလာမလား လို့ မျှော်လင့်ရင်း မြို့နဲ့ မနီးမဝေးမှာ အခြေအနေ စောင့်ဆိုင်းနေကြသူတွေ ရှိသလို ပြေးစရာ ဆိုင်ကယ်၊ ကား၊ ငွေ မရှိလို့ မရှောင်နိုင်တဲ့ လူတွေလည်း အများကြီး ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကသာမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့က စလို့ PDF နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိုးစစ်ဆင် လာရာက တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
—————————
THN Public Media
