နိုင်ငံတကာ

အမေရိကန်က မြန်မာ အီရန် နဲ့ ရုရှား အပါအဝင် ၇၅ နိုင်ငံကို အခြေချနေထိုင်ခွင့်ဗီဇာ ဆိုင်းငံ့

ANKARA, TURKIYE – DECEMBER 19: In this photo illustration, the US Citizenship and Immigration Services emblem is displayed on a mobile phone screen, with a photo of US President Donald Trump displayed in the background in Ankara, Turkiye on December 19, 2025. (Photo by Dilara Irem Sancar/Anadolu via Getty Images

ဇန်နဝါရီ ၁၅ – ၂၀၂၆

အမေရိကန် ပြည်ထောင်စုက မြန်မာ အီရန်နဲ့ ရုရှား အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံ အတွက် အခြေချနေထိုင်ခွင့်ဗီဇာ (immigrant visa) ကို ဆိုင်းငံ့တာ့မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။

ဒီဗီဇာ ရပ်ဆိုင်းမှုကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အခြေချနေထိုင်ခွင့် မဟုတ်တဲ့ (non – immigrant visa) ဗီဇာလို တခြားဗီဇာ အမျိုးအစားတွေတော့ မပါဝင်ပါ။

အာဖဂန်နစ္စတန်၊ အီရန်၊ ရုရှားနဲ့ ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက နိုင်ငံသားတွေဟာ အမေရိကန်မှာ နေထိုင်စဉ် အတွင်း အစိုးရရဲ့ လူမှုထောက်ပံ့ကြေးတွေအပေါ် မှီခိုနိုင်ခြေ ရှိတယ်လို့ ထရမ့်အစိုးရက သတ်မှတ်လိုက်တာကြောင့် အဆိုပါနိုင်ငံသားတွေ အတွက် လူဝင်မှုကြီးကြပ်ရေး ဗီဇာ ထုတ်ပေးတာကို ရပ်ဆိုင်းတော့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဦးဆောင်တဲ့ နိုင်ငံခြားရေးဌာနက အမေရိကန်မှာ “အစိုးရဝန်ထုပ်ဝန်ပိုး” ဖြစ်လာနိုင်တဲ့ အလားအလာရှိသူတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလက ထုတ်ပြန် ခဲ့တဲ့ တင်းကျပ်တဲ့ အမိန့်နဲ့ အညီ သက်ဆိုင်ရာ နိုင်ငံတွေက ဗီဇာလျှောက်ထားမှုတွေကို ရပ်တန့်ဖို့ ကောင်စစ်ဝန်ရုံးတွေကို ညွှန်ကြားလိုက်ပြီလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်မယ့် ဒီဗီဇာ ဆိုင်းငံ့ မှုဟာ အခြေချနေထိုင်ခွင့် မဟုတ်တဲ့ ဗီဇာတွေဖြစ်တဲ့ ယာယီကမ္ဘာလှည့်ခရီးသွား ဗီဇာ ဒါမှမဟုတ် စီးပွားရေး ဗီဇာ လျှောက်ထား သူတွေအပေါ် သက်ရောက်မှု ရှိမှာမဟုတ်ပါ။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ၂၀၂၈ အိုလံပစ်ပြိုင်ပွဲတွေကို အမေရိကန်က အိမ်ရှင် အဖြစ် လက်ခံကျင်းပမှာ ဖြစ်တာကြောင့် အခြေချနေထိုင်ခွင့် မဟုတ်တဲ့ ဗီဇာ လိုအပ်ချက်ဟာ လာမယ့်လတွေနဲ့ နှစ်တွေအတွင်း သိသိသာသာ မြင့်တက်လာဖို့ ရှိနေပါတယ်။

“ထရမ့်အစိုးရဟာ အမေရိကန်ပြည်သူတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ခေါင်းပုံဖြတ်ချင်တဲ့ သူတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် အလွဲသုံးစားလုပ်မှုတွေကို အဆုံးသတ်နေတာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အစိုးရရဲ့ လူမှုဖူလုံရေးနဲ့ အများပြည်သူဆိုင်ရာ အကျိုးခံစားခွင့်တွေကို ယူမယ့် နိုင်ငံခြားသားတွေ ဝင်ရောက် လာတာကို တားဆီးဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကို ပြန်လည် သုံးသပ်နေစဉ် အတွင်းမှာ ဒီနိုင်ငံ ၇၅ နိုင်ငံကနေ လူဝင်မှုကြီးကြပ်ရေး ဗီဇာ ထုတ်ပေးတာကို ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရဟာ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိက နိုင်ငံအများအပြားက နိုင်ငံသားတွေ အတွက် ဗီဇာထုတ်ပေးမှုတွေကို အရင်ကတည်းက ပြင်းပြင်းထန်ထန် ကန့်သတ်ထား ပြီးသား ဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ရဲ့ အခြေခံဖြစ်တဲ့ နိုဝင်ဘာလက လမ်းညွှန်ချက်မှာတော့ ဗီဇာလျှောက်ထားသူ တွေဟာ အမေရိကန်ထဲ ရောက်ပြီးနောက် ဘယ်အချိန်မှာ မဆို အစိုးရရဲ့ လူမှုထောက်ပံ့ကြေးတွေ အပေါ် မှီခိုဖို့ မလိုကြောင်း ပြည့်ပြည့်စုံစုံ သက်သေပြနိုင်ဖို့ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံး အရာရှိတွေကို ညွှန်ကြားထားပါတယ်။

လမ်းညွှန်ချက်သစ်တွေက ပိုပြီးတော့တောင် တင်းကျပ်လာပါတယ်။

အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားသူတွေအနေနဲ့ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး ဆိုတာကို သက်သေပြဖို့ ဖက်ဒရယ်ဥပဒေမှာ ရှိပြီးသားဖြစ်ပေမဲ့ ထရမ့်ဟာ သူ့ရဲ့ ပထမ သက်တမ်းအတွင်းမှာ ဗီဇာပယ်ချခံရနိုင်တဲ့ လူမှုထောက်ပံ့ရေး အစီအစဉ်တွေရဲ့ အတိုင်းအတာကို ပိုမိုချဲ့ထွင်ခဲ့ပြီး အခုလမ်းညွှန်ချက်တွေ ကတော့ ပိုလို့တောင် ကျယ်ပြန့်လာပုံရပါတယ်။

အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ လူဝင်မှုကြီးကြပ်ရေး ဗီဇာ လျှောက်ထားသူတွေဟာ အမေရိကန်သံရုံးက အသိအမှတ်ပြုထားတဲ့ ဆရာဝန်နဲ့ ဆေးစစ်မှုတွေကို ခံယူရပြီးသား ဖြစ်ပါတယ်။

သူတို့ဟာ တီဘီရောဂါလို ကူးစက်ရောဂါ ရှိမရှိ အစစ်ဆေးခံရသလို မူးယစ်ဆေး ဒါမှမဟုတ် အရက် သုံးစွဲခဲ့ဖူးတဲ့ ရာဇဝင်၊ စိတ်ကျန်းမာရေး အခြေအနေ ဒါမှမဟုတ် အကြမ်းဖက်မှု ရာဇဝင် ရှိမရှိကိုလည်း မေးမြန်းခံရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး အမြောက်အမြား ထိုးထားဖို့လည်း လိုအပ်ပါတယ်။

ညွှန်ကြားချက်အသစ်ကတော့ သတ်မှတ်ချက်တွေကို ပိုပြီး အသေးစိတ် တိုးချဲ့လိုက်ပါတယ်။

ဗီဇာလျှောက်ထားသူတွေရဲ့ အသက်၊ ကျန်းမာရေး၊ မိသားစု အခြေအနေ၊ ငွေကြေး၊ ပညာ အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အရင်က အစိုးရထောက်ပံ့ကြေး ယူခဲ့ဖူးခြင်း ရှိမရှိ စတဲ့ အသေးစိတ် အချက်အလက်တွေကို ကောင်စစ်ဝန်တွေက ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လျှောက်ထားသူတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကိုလည်း အကဲဖြတ်ရမှာဖြစ်ပြီး လိုအပ်ရင် အင်္ဂလိပ်လို လူတွေ့စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီတင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အမေရိကန်နိုင်ငံထဲကို ဘယ်သူတွေ ဝင်ခွင့်ရမလဲဆိုတာ ပိုပြီး ကန့်သတ်ချက် ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကြေညာချက်မှာ ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းခံရတဲ့ နိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ အယ်လ်ဂျီးရီးယား၊ အန်တီဂွါနှင့် ဘာဘူဒါ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘဟားမား၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘေးဒိုးစ်၊ ဘီလာရုစ်၊ ဘီလိဇ်၊ ဘူတန်၊ ဘော့စနီးယား၊ ဘရာဇီး၊ မြန်မာ (Burma)၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ ကွန်ဂို၊ ကျူးဘား၊ ဒိုမီနီကန်၊ အီဂျစ်၊ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂမ်ဘီယာ၊ ဂျော်ဂျီယာ၊ ဂါနာ၊ ဂရီနေဒါ၊ ဂွါတီမာလာ၊ ဂီနီ၊ ဟေတီ၊ အီရန်၊ အီရတ်၊ အိုင်ဗရီကို့စ်၊ ဂျမေကာ၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မက်ဆီဒိုးနီးယား၊ မော်လ်ဒိုဗာ၊ မွန်ဂိုလီးယား၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နီပေါ၊ နီကာရာဂွါ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ရုရှား၊ ရဝမ်ဒါ၊ စိန့်ကစ်နှင့်နီးဗစ်၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့်နှင့် ဂရီနေဒင်း၊ ဆီနီဂေါ၊ ဆီရီယာလီယွန်၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ တန်ဇန်းနီးယား၊ ထိုင်း၊ တိုဂို၊ တူနီးရှား၊ ယူဂန်ဒါ၊ ဥရုဂွေး၊ ဥဇဘက်ကစ္စတန်နဲ့ ယီမင်နိုင်ငံတို့ ပါဝင်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *