ဖေဖေါ်ဝါရီ ၆ – ၂၀၂၆
ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရှင်တန် ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဒီကနေ့ မနက်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်း အကို အာဇာနည် ဦးဘဝင်း ရဲ့ သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ မောင်နှမ တဝမ်းကွဲ တော်စပ်သူဖြစ်ကာ အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌ ဖြစ်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်ခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လစ်လျူရှုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာလွှဲ ပြောင်းခြင်း မရှိတဲ့ အတွက် ဒေါက်တာစိန်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ် မာနယ်ပလောကို တောခိုခဲ့ပြီးနောက် NCGUB ကို ဖွဲ့စည်းက ဒေါက်တာစိန်းဝင်းက ဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ပြည်တွင်းနိုင်ငံရေးမှာ ဒေါက်တာစိန်ဝင်းနဲ့ အတူလုပ်ကိုင်ခဲ့သူ၊ လွတ်မြောက် နယ်မြေကို ထွက်လာဖို့ အတွက် အတူတကွ ဆောင်ရွက် ခဲ့သူ၊ NCGUB ပေါ်ပေါက်ရေး အတူ အားထုတ်ခဲ့သူ၊ မာနယ်ပလော တပ်ပေါင်းစုမှာ အတူပါဝင်ခဲ့သူ၊ ဦးအောင်စောဦး က ဒေါက်တာစိန်ဝင်း ဟာ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်ကြောင်းနဲ့ အခုလို ဝန်ကြီးချုပ် ကွယ်လွန်သွားတဲ့ အပေါ် အများကြီး ဝမ်းနည်းကြေကွဲရတယ်လို့ ပြောပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၉၂ သမိုင်းဝင် မာနယ်ပလောစာချုပ်မှာ NCGUB ကို ကိုယ်စားပြုပြီး ပါဝင် လက်မှတ်ထိုးခဲ့သူလည်း ဖြစ်ပါတယ်။
ဒေါက်တာစိန်ဝင်း ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်စီစီ နဲ့ သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။
—————————
THN Public Media
