နိုင်ငံတကာ

လကမ္ဘာပေါ်ကို လူလိုက်ပါတဲ့ အာကာသ ခရီးစဥ် နာဆာ လွှတ်တင် တော့မယ်

မတ်လ ၃၁ – ၂၀၂၆

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အဖြစ် လကမ္ဘာပေါ်ကို လူလိုက်ပါ တဲ့ အာကာသယာဥ် တစင်းကို အမေရိကန် အာကာသ အေဂျင်စီ နာဆာ (NASA) ကနေ မနက်ဖြန် လွှတ်တင်တော့မှာ ဖြစ်ပါတယ်။

လွတ်ခဲ့တဲ့ နှစ် ၅၀ ကျော် အပိုလို (Apollo) လကမ္ဘာ ခရီးစဥ် တုန်းက အာကာသယာဉ်မှူးတွေကို လပေါ် ရောက်အောင် နေ့မအား ညမနား ကြိုးပမ်းခဲ့ကြတဲ့ သူတွေဟာ အခုလို နာဆာ ကနေ နောက်တကြိမ် လူတွေ စေလွှတ်မယ့် အပေါ် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။

Artemis II လို့ နာမည်ပေးထားတဲ့ ဒီ လကမ္ဘာ ခရီးစဥ်မှာ အာကာသ ယာဉ်မှူး (၄) ဦး လိုက်ပါမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လပေါ်ကို ဆင်းသက်မှာ မဟုတ်သေးဘဲ လကို ပတ်ပြီး ကမ္ဘာမြေကို ပြန်လာမယ့် ၁၀ ရက်ကြာ ခရီးစဉ်ပါ။

လိုက်ပါမယ့် အာကာသယာဉ်မှူးတွေကတော့

Reid Wiseman (နာဆာ) မစ်ရှင်ခေါင်းဆောင်၊

Victor Glover (နာဆာ) လကမ္ဘာခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး လူမည်း အာကာသယာဉ်မှူး၊

Christina Koch (နာဆာ) လကမ္ဘာခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး နဲ့

Jeremy Hansen ကနေဒါ အာကာသအေဂျင်စီက ဖြစ်ပြီး လနားအထိ သွားခွင့်ရမယ့် ပထမဆုံး အမေရိကန်မဟုတ်တဲ့ နိုင်ငံခြားသား တို့ ဖြစ်ကြပါတယ်။

နည်းပညာပိုင်းမှာတော့ နာဆာရဲ့ အကြီးဆုံး ရောကက်ဖြစ်တဲ့ Space Launch System (SLS) ကို သုံးမှာဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေ စီးနင်းမယ့် ထိပ်ဖူးအပိုင်းကတော့ Orion လို့ခေါ်တဲ့ အာကာသယာဥ်ငယ် ဖြစ်ပါတယ်။

မနက်ဖြန် ဧပြီလ ၁ ရက် မှာ လွှတ်တင်ဖို့ လျာထားပြီး မိုးလေဝသ အခြေအနေနဲ့ နည်းပညာပိုင်း အဆင်သင့်ဖြစ်မှုပေါ် မူတည်ပြီး အပြောင်း အလဲ ရှိနိုင်ပါတယ်။

ဒီ Artemis II ခရီးစဥ် အောင်မြင်သွားပြီဆိုရင်တော့ နောက်ထပ်လာမယ့် Artemis III ခရီးစဉ်မှာ လူသားတွေ လပေါ်ကို တကယ် ခြေချမယ့် Moon Landing ဖြစ်လာမှာပါ။

ဒါ့အပြင် လကို စခန်းတခုလို အခြေစိုက်ပြီး နောင်တချိန် အင်္ဂါဂြိုဟ် အထိ သွားနိုင်ဖို့အတွက် ဒါဟာ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *