နိုင်ငံတကာ

Orion အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းကနေ လကမ္ဘာဆီ စတင် ထွက်ခွာပြီ

ဧပြီ ၃ – ၂၀၂၆

Artemis II လကမ္ဘာခရီးစဉ်ရဲ့ Orion အာကာသယာဉ်ငယ်ဟာ ယာဥ်ငယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ကို နှိုးပြီး လကမ္ဘာရဲ့ တစ်ဘက်ခြမ်း အထိ သွားရောက်မယ့် ခရီးစဥ်ကို စတင်လိုက်ပြီ ဖြစ်ပြီး ကမ္ဘာပတ်လမ်း ကနေ စွန့်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။

လကမ္ဘာဆီ ဦးတည်မယ့် ဒီအင်ဂျင်နှိုးမှုကို ဂရင်းနစ် စံတော်ချိန် ၂၃ နာရီ ၄၉ မိနစ်မှာ စတင်ခဲ့တာဖြစ်ပြီး ၆ မိနစ် နီးပါး ကြာမြင့်ခဲ့ပါတယ်။

NASA ရဲ့ ခရီးစဉ် ထိန်းချုပ်ရေး စင်တာကတော့ ဒါကို “ဒီခရီးစဉ်ရဲ့ နောက်ဆုံး အဓိက အကျဆုံး အင်ဂျင်နှိုးမှု” လို့ ဖော်ပြထားပြီး ဒီလုပ်ဆောင်ချက်ကပဲ အာကာသယာဉ်မှူးတွေကို ကမ္ဘာ့ပတ်လမ်း ကနေ ခွဲထွက် စေပြီး လကမ္ဘာဆီကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

အင်ဂျင်နှိုးမှု အောင်မြင်ပြီးတဲ့ နောက်မှာတော့ ကနေဒါနိုင်ငံသား အာကာသယာဉ်မှူး ဂျယ်ရမီ ဟန်ဆန်က “လူသားတွေဟာ ဘာတွေ လုပ်နိုင်တယ် ဆိုတာကို နောက်တကြိမ် ထပ်ပြီး သက်သေပြလိုက်နိုင်ပြီ” လို့ ပထမဆုံး စကားဆိုခဲ့ပါတယ်။

အစောပိုင်းတုန်းက Orion အာကာသယာဉ် အတွင်းထဲမှာ အေးနေတယ်လို့ ပြောခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေ ကတော့ အခုအချိန် မှာတော့ “ကျွန်တော်တို့ ဒီထဲမှာ အရမ်းကို သဘောကျနေပါတယ်” လို့ ဆိုကြ ပါတယ်။

ဒီခရီးစဉ်မှာ လပေါ်ကို ဘယ်သူမှ ဆင်းသက်မှာမဟုတ်ဘဲ Orion အာကာသ ယာဉ်က လကမ္ဘာကို ပတ်ရုံပဲ ပတ်မှာဖြစ်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *