နိုင်ငံတကာ

စစ်ပွဲအဆုံးသတ်ရေး အမေရိကန် အဆိုပြုချက် အပေါ် စဥ်စားနေတယ် လို့ အီရန်ပြော

မေလ ၇ – ၂၀၂၆

နှစ်ဘက် သဘောတူညီချက်ရဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက်မှာ စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို စဉ်းစားနေတယ်လို့ အီရန်ဘက်က ပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော်အနေနဲ့ အီရန်နဲ့ အချက် ၁၄ ချက်ပါဝင်တဲ့ နားလည်မှု စာချွန်လွှာ တခု ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ ယူဆနေကြောင်း အမေရိကန် သတင်းဌာန Axios က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အီရန်လွှတ်တော်ရဲ့ အဆင့်မြင့်အဖွဲ့ဝင် တဦးကတော့ ဒါဟာ စိတ်ကူးယဉ်စာရင်း သာဖြစ်တယ်လို့ ပယ်ချခဲ့ပြီး အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကတော့ အမေရိကန်ရဲ့ အဆိုပြုချက် အပေါ် သူတို့ရဲ့ အမြင်ကို ပါကစ္စတန် ကြားဝင်စေ့စပ်ပေး သူတွေထံ အကြောင်းကြား သွားမယ်လို့ ဆိုပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ကလည်း သူ့နိုင်ငံ အနေနဲ့ အခု အပစ် အခတ် ရပ်စဲရေး ကနေ စစ်ပွဲကို အမြဲတမ်း အဆုံးသတ်နိုင်တဲ့ အခြေအနေ ရောက်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး သဘောတူညီချက်ရဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Axios ရဲ့ အစီရင်ခံစာအရ အဲဒီနားလည်မှုစာချွန်လွှာဟာ စာမျက်နှာ တမျက်နှာတည်းရှိပြီး အချက် ၁၄ ချက် ပါဝင်တယ်လို့ ဖော်ပြထား ပါတယ်။

ပိုမို အသေးစိတ်တဲ့ နျူကလီးယားဆိုင်ရာ ညှိနှိုင်းမှုတွေ အတွက် အခြေခံ မူဘောင် တခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *