နိုင်ငံတကာ

၁၉၉၆ လေယာဉ် ပစ်ချမှုနဲ့ ကျူးဘားခေါင်းဆောင် ဟောင်း ရာအူးလ် ကက်စထရို ကို အမေရိကန် တရားစွဲ

Cuban President Raul Castro (C), Cuban Vice President Jose Ramon Machado Ventura (L) and Minister of the Revolutionary Armed Forces (FAR), General Leopoldo Cintra Frias (R) participate in a military parade in honor of recently disappeared Cuban leader Fidel Castro at Revolution Square in Havana, on January 2, 2017. / AFP / ADALBERTO ROQUE (Photo credit should read ADALBERTO ROQUE/AFP via Getty Images

မေလ ၂၁ – ၂၀၂၆

၁၉၉၆ တုန်းက ကျူးဘားနဲ့ ဖလော်ရီဒါပြည်နယ်ကြားမှာ လေယာဉ်နှစ်စင်း ပစ်ချခံခဲ့ ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ ပူးပေါင်း ကြံစည်မှု၊ တခြားသော ရာဇဝတ်မှုတွေနဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရို ကို အမေရိကန် အစိုးရက တရားစွဲဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ဒီအမှုဟာ တကယ်တော့ ၂၀၀၃ တုန်းက တရားစွဲဆို ထားတာကို ပြန်အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။

ကျူးဘား-အမေရိကန် အဖွဲ့အစည်း တခုဖြစ်တဲ့ Brothers to the Rescue အဖွဲ့ပိုင် လေယာဉ်ကို ပစ်ချခဲ့တာ ဖြစ်ပြီး အမေရိကန် နိုင်ငံသား သုံးဦး အပါအဝင် လူလေးဦး ကို သေဆုံးစေခဲ့မှု အတွက် ကက်စထရိုနဲ့ တခြား လူငါးဦးကို စွပ်စွဲထားတာ ဖြစ်ပါ တယ်။

အခုအချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကက်စထရို ဟာ အဲဒီတုန်းက ကျူးဘား စစ်တပ်ရဲ့ အကြီးအကဲ တာဝန်ယူထားသူ ဖြစ်ပြီး လေယာဉ်ပျက်ကျမှုကြောင့် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရဖူးပါတယ်။

အမေရိကန်ဘက်က ကျူးဘားရဲ့ ကွန်မြူနစ် အုပ်ချုပ်ရေးအပေါ် ဖိအား ပိုပေးဖို့ ကြိုးစား နေချိန်မှာ လက်ရှိ ကျူးဘားသမ္မတ Miguel Díaz-Canel က ဒီတရားစွဲဆို မှုဟာ “ဘာဥပဒေ အခြေခံမှ မရှိတဲ့ နိုင်ငံရေး ကစားကွက် တခုသာ ဖြစ်တယ်” လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

မိုင်ယာမီမြို့က Freedom Tower မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ယာယီ တရားရေးဝန်ကြီး Todd Blanche က အမေရိကန် အစိုးရ အနေနဲ့ ကက်စထရို ကို လေယာဉ် ဖျက်ဆီးမှု အပြင်၊ သေဆုံးသွားခဲ့ သူ ၄ ဦးအတွက် လူသတ်မှု ၄ မှုနဲ့ပါ ထပ်တိုး တရားစွဲဆို သွားမယ်လို့ ကြေညာခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စုနဲ့ သမ္မတ ထရမ့်ဟာ သူ့ရဲ့ ပြည်သူတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်သလို၊ မေ့လည်းမေ့ပစ်မှာ မဟုတ်ပါဘူး” လို့ တရားရေးဝန်ကြီး Blanche က ပြောပါတယ်။

ကျူးဘား တပါတီ ကွန်မြူနစ် စနစ်ကို ကြီးမားတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အမေရိကန်က အပြင်းအထန် ဖိအားပေးနေ သလို အခုလို တရားစွဲလိုက်တာဟာလည်း ကျူးဘား ကွန်မြူနစ် ခေါင်းဆောင်ပိုင်းရဲ့ အဓိက သြဇာရှိသူ တဦးကို ပစ်မှတ်ထား လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် တက္ကသိုလ်က လက်တင် အမေရိကန်နိုင်ငံရေး ကျွမ်းကျင်သူ တဦး ဖြစ်တဲ့ Wiliam LeoGrand က “ကျွန်တော်ထင်တာ ကတော့ ဒီဗျူဟာက ကျူးဘား အစိုးရ ဘက်က အလျှော့ပေးပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ရောက်လာတဲ့ အထိ ဖိအားတွေကို တဖြည်းဖြည်းချင်း မြှင့်တင်သွားမယ့် သဘောပဲ” လို့ သုံးသပ်ပါတယ်။

အမေရိကန်ဟာ ကျူးဘားနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားသလို ရေနံတင် သွင်းမှု ကိုပါ ပိတ်ဆို့ထားတာကြောင့် ကျူးဘားမှာ လျှပ်စစ်မီး ပြတ်တောက် မှုတွေနဲ့ ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်နေပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်း ကလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က ကျူးဘားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး ကျူးဘား ပြည်သူတွေထံ သဝဏ်လွှာ တခု ပေးပို့ခဲ့ပါတယ်။

“သမ္မတ ထရမ့်ဟာ အမေရိကန်နဲ့ ကျူးဘား နိုင်ငံသစ်ကြားမှာ လမ်းကြောင်း အသစ်တခုကို ကမ်းလှမ်းနေပါတယ်” လို့ ရူဘီယို က ပြောပါတယ်။

ကျူးဘားမှာ ကြုံတွေ့နေရတဲ့ မီးပြတ်တာတွေနဲ့ ရိက္ခာပြတ်လပ်မှုတွေ အတွက် ကျူးဘား စစ်တပ်က လည်ပတ်နေတဲ့ GAESA လို့ခေါ်တဲ့ ကုမ္ပဏီကြီးမှာ အဓိက တာဝန် ရှိတယ်လို့ ရူဘီယို က ကျူးဘား နိုင်ငံသားတွေကို ပြောကြားခဲ့ပါတယ်။

အဲဒီ GAESA ကုမ္ပဏီကြီးဟာ ဆိပ်ကမ်းလုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်တွေ ကနေ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးတွေ အထိ ကျူးဘား စီးပွားရေးရဲ့ အကျိုးအမြတ် အများဆုံးရတဲ့ အစိတ်အပိုင်း အတော်များများကို ပိုင်ဆိုင်တာ ဒါမှမဟုတ် လည်ပတ် နေတာ ဖြစ်ပါတယ်။

ရူဘီယိုရဲ့ ပြောကြားချက် အပေါ် တုံ့ပြန်တဲ့ အနေနဲ့ ကျူးဘား သမ္မတ Miguel Díaz-Canel က အမေရိကန်ဟာ မုသား စကားတွေ ပြောနေပြီး ကျူးဘား ပြည်သူတွေ အပေါ် အစုလိုက် ပြစ်ဒဏ်ခတ်မှုကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ ပါတယ်။

ဒါ့အပြင် ကက်စထရို ကို တရားစွဲဆိုတာဟာ “ကျူးဘား အပေါ် စစ်ရေးအရ ကျူးကျော် တိုက်ခိုက်မယ့် မိုက်မဲတဲ့ လုပ်ရပ်ကို တရားမျှတကြောင်း ဖြောင့်ချက် ပေးဖို့” အသုံးချ နေတာ ဖြစ်ပြီး လေယာဉ်ပစ်ချ ခံရတဲ့ ဖြစ်စဉ်ရဲ့ အမှန်တရားကို အမေရိကန် က လိမ်လည် လှည့်ဖြား နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကျူးဘား အနေနဲ့ သူတို့ရဲ့ ပိုင်နက်ရေပြင် အတွင်းမှာ “ကိုယ့်ကိုယ်ကိုယ် တရားဝင် ခုခံကာကွယ်တဲ့ အနေနဲ့” လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကက်စထရို ကို အမှုရင်ဆိုင်ဖို့ အမေရိကန်ဆီ ခေါ်ဆောင်လာနိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ တရားရေး ဝန်ကြီး Todd Blanche က သူ့ကို ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ ပါတယ်။

“သူ့အလိုအလျောက်ဖြစ်စေ၊ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ဖြစ်စေ သူ ဒီကို ရောက်လာ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

အသက် ၉၅ နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ ကက်စထရို ဟာ ကျူးဘားကျွန်းပေါ်မှာတော့ အသက်ရှင်ကျန်ရစ်သူ “ကျူးဘား တော်လှန်ရေးရဲ့ ခေါင်းဆောင်ကြီး” အဖြစ် အသိအမှတ်ပြု ခံထားရဆဲ ဖြစ်ပြီး ဩဇာညောင်းသူ တဦး ဖြစ်နေဆဲပါ။

သူဟာ အစိုးရနဲ့ ပါတီ ရာထူးတွေ ကနေ အနားယူခဲ့ပြီ ဖြစ်ပေမဲ့ သူ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၈ ခုနှစ် အတွင်းမှာတော့ အမေရိကန် သမ္မတဟောင်း ဘာရက် အိုဘားမားနဲ့ အတူ ဝါရှင်တန်-ဟာဗားနား ဆက်ဆံရေးကို ခေတ္တမျှ ပြန်လည် ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။

တရားရေးဝန်ကြီး Blanche က ကက်စထရိုရဲ့ အမှုကို ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ အမှုနဲ့ “ယှဉ်ပြီး လုပ်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်း ကတော့ အမေရိကန် တရားရေးဝန်ကြီးဌာန ကနေ မာဒူရို ကို တရားစွဲဆို ပြီးနောက်၊ အမေရိကန် စစ်တပ်က စစ်ဆင်ရေးတခု ဆင်နွှဲပြီး သူ့ကို အမေရိကန်ဆီ ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။

ရာအူးလ် ကက်စထရို ကို တရားစွဲဆိုကြောင်း အမေရိကန်အာဏာပိုင်တွေ ကြေညာ ခဲ့တဲ့ မိုင်ယာမီ စင်တာတခုလုံး မှာတော့ ကျူးဘား-အမေရိကန် နွယ်ဖွားတွေနဲ့ ပြည့်နှက်နေပြီး၊ အများစု ကတော့ အမေရိကန်ပြည်ထောင်စုထဲ ကနေ ကျူးဘား အစိုးရကို ဆယ်စုနှစ် ပေါင်းများစွာ ဆန့်ကျင်လာခဲ့တဲ့ ပြည်ပရောက် ကျူးဘား အဖွဲ့အစည်း တွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။

——————

#လေယာဥ်ပစ်ချမှု

—————

၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပစ်ချမှုဟာ အမေရိကန်နဲ့ ကျူးဘား နိုင်ငံကြား သမိုင်းမှာ အတော်လေး ဂယက်ရိုက်သွားခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။

အဲဒီတုန်းက မိုင်ယာမီအခြေစိုက် ကျူးဘား-အမေရိကန် နွယ်ဖွားတွေ စုစည်းထားတဲ့ Brothers to the Rescue ဆိုတဲ့ အဖွဲ့တခု ရှိပါတယ်။

သူတို့အဖွဲ့ရဲ့ အဓိက အလုပ်ကတော့ ဖလော်ရီဒါ ရေလက်ကြားထဲမှာ ကျူးဘားနိုင်ငံရဲ့ ကွန်မြူနစ် အုပ်ချုပ်ရေး အောက်ကနေ ဖောင်တွေ၊ လှေငယ်လေးတွေနဲ့ စွန့်စား ထွက်ပြေးလာကြတဲ့ ကျူးဘား ဒုက္ခသည်တွေကို အပေါ့စား လေယာဉ်ငယ်လေးတွေနဲ့ လိုက်လံရှာဖွေပြီး ကယ်ဆယ် ရေးလုပ်ငန်းတွေ ကူညီပေးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တခါတလေမှာ သူတို့ လေယာဉ်တွေဟာ ကျူးဘားဝေဟင်ပိုင်နက်ထဲ အထိ ဝင်ပြီး ကွန်မြူနစ် ဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို ကျူးဘားမြို့ပေါ် ကြဲချတာမျိုးတွေလည်း လုပ်ခဲ့ဖူးပါတယ်။

၁၉၉၆ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ကတော့ ဖြစ်ရပ်ဆိုး အဲဒီနေ့မှာ အဲဒီအဖွဲ့ကနေ Cessna Skymaster အမျိုးအစား အပေါ့စား လေယာဉ် ၃ စင်းနဲ့ ပျံသန်းခဲ့ကြပါတယ်။ အဲဒီလို ပျံသန်းနေတုန်းမှာ ကျူးဘား အစိုးရ ဘက်ကနေ MiG-29 အမျိုးအစား စစ်တိုက် လေယာဉ်တွေကို လွှတ်ပြီး လိုက်လံပိတ်ဆို့ တိုက်ခိုက်ခိုင်းခဲ့ပါတယ်။

ကျူးဘား တိုက်လေယာဉ် တွေဟာ အဝေးထိန်း စနစ်သုံး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာ Brothers to the Rescue အဖွဲ့ရဲ့ လေယာဉ် ၃ စင်းထဲက ၂ စင်းကို ဝေဟင်ထဲမှာတင် အစအန မကျန် ပစ်ချ ဖျက်ဆီး ပစ်ခဲ့ပါတယ်။

အဲဒီလေယာဉ် ၂ စင်းပေါ်မှာပါတဲ့ အမေရိကန်နိုင်ငံသား ၃ ဦးနဲ့ အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် ရထားတဲ့ ကျူးဘားလူမျိုး ၁ ဦး စုစုပေါင်း ၄ ဦး စလုံး နေရာမှာတင် သေဆုံးသွားခဲ့ရပါတယ်။

ကျန်တဲ့ လေယာဉ်တစင်းကတော့ မိုင်ယာမီ ကို ကံကောင်းထောက်မစွာနဲ့ ပြန်လည် လွတ်မြောက် သွားခဲ့ ပါတယ်။

#ပိုင်နက်အငြင်းပွားမှု

————

ဒီဖြစ်စဉ်မှာ အဓိက အငြင်းပွားတာက ဘယ်နေရာမှာ ပစ်ချခဲ့တာလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အမေရိကန်နဲ့ ကုလသမဂ္ဂ ဘက်ကတော့ လေယာဉ်တွေဟာ ကျူးဘားရဲ့ ဝေဟင်ပိုင်နက်ထဲမှာ မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ လေပိုင်နက်ထဲ ရောက်နေချိန်ကျမှ မတရား ပစ်ချခံခဲ့ရတာလို့ အခိုင်အမာ ပြောပါတယ်။

ကျူးဘားအစိုးရ ဘက်ကတော့ ဒီလေယာဉ်တွေဟာ သူတို့နိုင်ငံရဲ့ ဝေဟင် ပိုင်နက်ကို အကြိမ်ကြိမ် ကျူးကျော် ဝင်ရောက်လာလို့ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့ အနေနဲ့ တရားဝင် ပစ်ချခဲ့တာလို့ ဒီနေ့အထိ တစိုက်မတ်မတ် ပြောဆိုနေပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေကြားမှာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး၊ အဲဒီအချိန်တုန်းက အမေရိကန်သမ္မတ ဘီလ်ကလင်တန် ဟာ ကျူးဘားအပေါ် စီးပွားရေး ပိတ်ဆို့မှု တွေကို အပြင်းထန်ဆုံးဖြစ်စေမယ့် Helms-Burton Act ဆိုတဲ့ ဥပဒေကို ချက်ချင်း လက်မှတ် ရေးထိုး အတည်ပြုခဲ့ပါတယ်။

အဲဒီအချိန်က စပြီး အမေရိကန်နဲ့ ကျူးဘားကြား ဆက်ဆံရေးဟာ အေးခဲသွားခဲ့ပြီး၊ အခုအချိန် အထိလည်း ဒီလေယာဉ်ပစ်ချမှု အပေါ် အကြောင်းပြုပြီး အမေရိကန်က ရာအူးလ်ကက်စထရိုကို တရားစွဲဆိုတဲ့ အထိ တင်းမာမှုတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *