မေလ ၂၅ – ၂၀၂၆
အမေရိကန်နဲ့ ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတချို့ ရှိနေပေမဲ့ သဘောတူညီချက် ‘’ရလုနီးပါးလို့’’ ပြောလို့ မရသေးကြောင်း အီရန် ဘက်က ပြောကြားလိုက်ပါတယ်။
“ဆွေးနွေးနေတဲ့ ကိစ္စရပ် အတော်များများမှာ အဖြေတခု ထွက်ပေါ် လာပြီလို့ ပြောရင်တော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒါဟာ သဘောတူညီချက် လက်မှတ်ထိုးဖို့ လက်တကမ်း အလို ရောက်နေပြီလို့ ဆိုလိုတာလား ဆိုရင်တော့ ဘယ်သူမှ အဲဒီလို အပိုင်မပြောနိုင်သေးပါဘူး” လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baqai က တီဟီရန်မြို့မှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
Esmail Baqai ရဲ့ အခုလို ပြောကြားချက်ဟာ ဒီနေ့မှာ သဘောတူညီချက် တခု ရနိုင် ခြေ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပြီး နောက်မှာ ထွက်ပေါ်လာတာပါ။
အခု ထွက်ပေါ်နေတဲ့ နားလည်မှု စာချွန်လွှာမှာ ရက်ပေါင်း ၆၀ အပစ် အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့၊ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့် ပေးဖို့နဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ် အတွက် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရုံးပိတ်ရက်တုန်း ကတော့ သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဘက်စလုံး သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ အရိပ်အမြွက် ပြောခဲ့ပေမဲ့၊ နောက်ပိုင်း မှာတော့ ညှိနှိုင်းရေးမှူးတွေကို “အလောတကြီး မလုပ်ကြဖို့” ညွှန်ကြား ထားတယ်လို့ ပြန်ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အိန္ဒိယနိုင်ငံ မြို့တော် ဒေလီမှာ သတင်းထောက် တွေကို “မနေ့ညကပဲ သတင်းကောင်း ကြားရတော့ မလားလို့ ထင်ခဲ့တာ၊ ဒီနေ့လည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ ပါတယ်။
ဒါပေမဲ့ “ဒါကို အရမ်းကြီးတော့ အပိုင်တွက်မထားပါနဲ့ဦး” လို့ သူက သတိပေးခဲ့ပြီး “အီရန်ဘက်က ပြန်ကြားချက်ရဖို့ အချိန်နည်းနည်းတော့ စောင့်ရတတ်တယ်” လို့ ဆိုပါတယ်။
အမေရိကန် ထောက်လှမ်းရေးက ယူဆထားတာ ကတော့ အီရန်ရဲ့ အဓိက ခေါင်းဆောင်ကြီး မိုဂျတာဘာ ခါမေနီ ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့ပြီး ကတည်းက အခုလက်ရှိ လုံခြုံတဲ့ တနေရာမှာ ပုန်းခိုနေရလို့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ရ ခက်ခဲနေပြီး အမေရိကန်နဲ့ ဆွေးနွေးပွဲ တွေကို ကြန့်ကြာ စေတာလို့ ဆိုပါတယ်။
အမေရိကန် မီဒီယာတွေရဲ့ အဆိုအရ အခုပြောနေတဲ့ သဘောတူညီချက် ဟာ အပြီးသတ် ပြေလည်မှုမျိုး မဟုတ်သေးဘဲ ခေါင်းခဲစရာ အခက်ခဲဆုံး ကိစ္စရပ်တွေ ကိုတော့ နောက်မှ ဆက်ဆွေးနွေးဖို့ ချန်ထားခဲ့တာလို့ သိရပါတယ်။
အဲဒီ အထဲမှာ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဘယ်လောက် အထိနဲ့ ဘယ်အချိန်မှာ ဖယ်ရှားပေးမလဲ၊ ထိန်းချုပ်ထားတဲ့ အီရန် ငွေကြေးတွေကို ဘယ်လို ပြန်ပေးမလဲ ဆိုတာနဲ့ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို လျှော့ချဖို့ ဝါရှင်တန်ရဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။
သဘောတူညီချက် ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် တနင်္လာနေ့မှာ ကမ္ဘာ့ရေနံစျေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားပြီး အာရှ စတော့စျေးကွက်တွေ တက်လာခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
