ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေး ကြားနားပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က မြန်မာနိုင်ငံက အပ်နှံထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ နဲ့ အတိုးငွေကို ပြန်ရဖို့ အတွက် ကွန်ဂရက် တာဝန်ရှိသူတွေက ထရမ့် အစိုးရကို တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
အခု လို မေတ္တာရပ်ခံရတာနဲ့ ပတ်သက်ပြီး ဦးအောင်ကြည်ညွန့်က ‘’
အဲဒီ ရန်ပုံငွေနဲ့ အတိုးရငွေ တွေဟာ စစ်အာဏာရှင် အဆုံးသတ်ရေး ကျနော်တို့ရဲ့ လုပ်နိုင်စွမ်းကို အလျင်အမြန် အားကောင်းလာစေမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ ပါတယ်။
ဒီဒေါ်လာ ၁ ဘီလီယံဟာ NLD အစိုးရ လက်ထက်က အရန်ငွေ အဖြစ် အမေရိကန် ဖက်ဒရယ်ဘဏ်မှာ အပ်နှံခဲ့တာဖြစ်ပါတယ်။
အမေရိကန် ဝါရှင်တန်ဒီစီ အောက်လွှတ်တော်မှာ ပြုလုပ်တဲ့ ဒီကြားနာပွဲကို “U.S. Policy on Burma: Opportunities and Challenges” ခေါင်းစဉ်နဲ့ အမေရိကန် အခြေစိုက် The Burma Research Institute (BRI) က ကြီး မှူး ကျင်းတာ ဖြစ်ပြီး အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Ms. Young Kim က ပံ့ပိုး ကူညီခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ် Mr. Jefferson Shreve (R, Indiana – 6) လည်း တက်ရောက်ပါတယ်။
မြန်မာဘက်ကတာ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ အတူ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးတို့လည်း တက်ရောက်ခဲ့ ပါတယ်။
ဦးအောင်ကြည်ညွန့် က ရခိုင်ပြည်နယ်၊ မြောက်ဦး ပြည်သူ့ဆေးရုံ ဗုံးကြဲ တိုက်ခိုက်ခံရမှု အပါအဝင် မြန်မာပြည်တွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အဆုံးသတ်နိုင်ရေး အတွက် အမေရိကန် အနေနဲ့ CRPH KNU KIA လို စိတ်ချရတဲ့ အဖွဲ့တွေနဲ ပူးပေါင်းဆောင်ရွက်ဖို့ ရှင်းလင်း တင်ပြခဲ့ပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ကြောင်းနဲ့ ပြည်သူ အများစု က လက်မခံကြောင်း၊ ဒီအတွက် ဒီ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ငြင်းဆိုပေးဖို့ နဲ့ မြန်မာနိုင်ငံသားတွေ အတွက် ယာယီနေထိုင်ခွင့် ရပ်စဲတဲ့ ဆုံးဖြတ်ချက်ကို ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး စစ်ကော်မရှင် ကို ရာဇဝတ်မှု အားပေးကူညီတဲ့ အဖွဲ့အဖြစ်သတ်မှတ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
—————————
THN Public Media
