အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ကနေ မြန်မာနိုင်ငံ မြဝတီဒေသက အွန်လိုင်း လိမ်လည်မှု ကျားဖျန့် စင်တာ တွေကို ကူညီပံ့ပိုးပေးပြီး အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေရာမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာ လက်နက်ကိုင် အဖွဲ့ DKBA နဲ့ ထိပ်တန်း ခေါင်းဆောင် လေးဦး အပါအဝင် ဆက်စပ် ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူလိုက်ကြောင်း မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ကြေညာ လိုက်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေ ကတော့ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဗိုလ်ချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း နဲ့ ဗိုလ်မှူးချုပ် စိုင်းကျော်လှ တို့ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အခုလို DKBA နဲ့ ခေါင်းဆောင်တွေကို အမေရိကန်ရဲ့ အရေးယူမှုဟာ ထိုင်းနိုင်ငံ ဖမ်းဆီးထားတဲ့ ကျားဖျန့်ခေါင်းဆောင် ရှီကျီကျန်းကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံကို လွှဲပြောင်းပေးတာနဲ့လည်း တိုက်ဆိုင်နေ ပါတယ်။
DKBA အဖွဲ့ အနေနဲ့ မြန်မာ့ပြည်တွင်း ပဋိပက္ခမှာ စစ်ကောင်စီကို ထောက်ခံပြီး၊ ဆိုက်ဘာ လိမ်လည်မှု ကျားဖျန့် စင်တာတွေကို လုံခြုံရေး ပေးတာ၊ ထောက်ပံ့ပေးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး စိုင်းကျော်လှ ကတော့ Tai Chang Park ဝင်းကို တည်ထောင်သူ လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မဲဆောက်မှာ အခြေစိုက်တဲ့ Trans Asia International Holding Group Thailand Company Limited (Trans Asia) ကုမ္ပဏီ နဲ့ မြန်မာ ဘက်က Troth Star Company Limited တို့ကို ဒဏ်ခတ် ပိတ်ဆို့ လိုက်ပါတယ်။
Trans Asia ကုမ္ပဏီ ကတော့ တရုတ်နိုင်ငံက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပြီး DKBA နဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်း ကာ ကျားဖျန့် စင်တာတွေ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံပေးတာလို့ ဆိုပါတယ်။
Troth Star ကတော့ Trans Asia နဲ့ အတူ Huanya နဲ့ KK Park ဝင်းတွေ တည်ဆောက်ဖို့ မြေငှားရမ်းမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသား Trans Asia ဒါရိုက်တာ Chamu Sawang (ခေါ်) Yu Jianjun ကိုလည် ဒဏ်ခတ်တဲ့ အထဲမှာ ထည့်သွင်းထားပါတယ်။
ဒီ ရာဇဝတ် ကျားဖျန့် ဂိုဏ်းတွေဟာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို သုံးပြီး အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားကာ ငွေကြေး လိမ်လည် ခိုးယူ နေတာ ဖြစ်ပါတယ်။
လိမ်လည်မှု ကျားဖျန့် စင်တာတွေမှာ အလုပ်လုပ် နေသူတွေဟာ လူကုန်ကူး ခံရသူတွေဖြစ်ကြပြီး အကြွေးပိနေသူတွေနဲ့ ကိုယ်ထိ လက်ရောက် အကြမ်းဖက်ခံရမှု အပါအဝင် အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းတာ ခံနေရတာလို့ ဆိုပါတယ်။
၂၀၂၄ မှာ ဒီကျားဖျန့် လိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ ဟာ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး အရင်နှစ်ထက် ၆၆% တိုးလာခဲ့တာ ဖြစ်ပါတယ်။
DKBA ထိန်းချုပ်ထားတဲ့ မြဝတီမြို့ တောင်ဘက်က Tai Chang Park ကို DKBA က လုံခြုံရေး ပေးထားပြီး အဲဒီ အထဲမှာ ခိုင်းစေထားသူတွေကို လက်ထိတ်ခတ် ရိုက်နှက်တာ၊ လျှပ်စစ်ရှော့ရိုက်တာ စတဲ့ ရက်စက်တဲ့ လုပ်ရပ်တွေမှာ DKBA စစ်သားတွေ ပါဝင် ပတ်သက်နေတယ်လို့ ဖေါ်ပြ ထားပါတယ်။
KK Park ကိုလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျော်ကြားတဲ့ လိမ်လည်မှုဝင်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
အမေရိကန် ကတော့ တရားရေးဝန်ကြီးဌာန၊ FBI နဲ့ US Secret Service တို့ ပူးပေါင်းပြီး “Scam Center Strike Force” ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီအဖွဲ့ အနေနဲ့ အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို အခြေစိုက် လိမ်လည်မှု ကျားဖျန့် စင်တာတွေကို စုံစမ်းစစ်ဆေးဖို့၊ ဖြိုခွင်းဖို့နဲ့ တရားစွဲဆိုတာတွေ လုပ်ဆောင်ဖို့ တာဝန်ပေးထားပါတယ်။
အခု ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေနဲ့ အဖွဲ့အစည်း အတွေရဲ့ အမေရိကန် နိုင်ငံတွင်းမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေ ဒါမှမဟုတ် အမေရိကန် နိုင်ငံသားတွေက ပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ပိတ်ဆို့ လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားတွေ အနေနဲ့လည်း ဒဏ်ခတ်ခံထားရသူတွေနဲ့ ငွေကြေး၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ပေးတာတွေ စတဲ့ ဘယ်လို အရောင်း အဝယ်ကိုမှ လုပ်ဆောင်ခွင့် မရှိတော့ပါ။
—————————
THN Public Media
