လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံး မဲပေးဖို့ လိုအပ်ကြောင်းနဲ့ မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူကို မဲပေးဖို့ စစ်ကော်မရှင် ဥက္ကဌ က မနေ့ ဒီဇင်ဘာ ၆ ပြင်ဦးလွင် တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ ဗိုလ်လောင်းတွေကို တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ကိုယ်မဲပေးမယ့်သူဟာ တိုင်းပြည်နှဲ့ ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အမြင်ရှိသူတွေကို ဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။
အခု ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီး ၂ ပတ်အကြာ ဒုတိယပိုင်းနဲ့ နောက် ၂ ပတ်အကြာ တတိယပိုင်း တို့ကို ကျင်းသွားမှာ ဖြစ်လို့ သူက ပြောပါတယ်။
နိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မရှိတော့တဲ့ အချိန် တပ်မတော်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကနေ အဆင့်ဆင့် လျှော့ချ သွားနိုင်မှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍမှာ ဆက်ပါဝင်နေရဦးမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။
တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး အတွက် ဖြစ်ပေမယ့် ခေတ်အဆက်ဆက် ဖြစ်ပေါ်နေတဲ့ ပြည်တွင်း သောင်းကျန်းမှု နှိမ်နှင်းရေး မှာလည်း ပါဝင်နေရတယ်လို့ ဆိုပါတယ်။
တပ်မတော်ကို အဆင့်မြှင့်တင်တာတွေ ဆောင်ရွက်နေသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လည်း ပြုပြင်တာတွေ လုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ဥက္ကဌ က ပြောကြားသွားခဲ့ ပါတယ်။
—————————
THN Public Media
