ရှမ်းမြောက်ဒေသ သိန္နီခရိုင် မှာ MNDAA ကိုးကန့် ရဲတပ်ဖွဲ့ကို မြန်မာစာသင်ကြားမှု အရှိန်မြှင့်တင် နေကြောင်း ကိုးကန့်သတင်းကွန်ရက် က အောက်တိုဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အခုလို မြန်မာစာ သင်ကြားမှု အရှိန်မြှင့်တင် ရတာဟာ တိုင်းရင်းသား အချင်းချင်း ဆက်ဆံရေး၊ အထူးဒေသကြီးတွေ အကြား ကူးလူး ဆက်ဆံရေးနဲ့ ရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်တဲ့ အခါ ကြုံတွေ့ ရတဲ့ ဘာသာစကား ဆိုင်ရာ အခက်အခဲတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည် အစုံ နဲ့ တာဝန် ထမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သိန္နီခရိုင် ရဲတပ်ဖွဲ့ ဟာ လက်တွေ့ တာဝန်တွေ ထမ်းဆောင်တဲ့ အခါမှာ တိုင်းရင်းသား ဘာသာစကား အရေးပါမှုကို နက်ရှိုင်းစွာ သဘောပေါက် နားလည် လာခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။
မြန်မာစာ သင်ကြားမှုမှာ သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မစ္စတာ Peng Xin Qiang၊ ခရိုင်အုပ်ချုပ်ရေးကော်မတီ ဒုတိယ အတွင်းရေးမှူး မစ္စတာ Han Jia Hua၊ ဒုတိယခရိုင်မှူး မစ္စတာ Yang Wen Liang အပါအဝင် ခရိုင် ခေါင်းဆောင်တွေက စံနမူနာပြ ဦးဆောင်ပြီး လေ့ကျင့်သင်ကြားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
အခု မြန်မာစာသင်ယူမှုမှာ MNDAA ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ လည်း ဖေါ်ပြထားပါတယ်။
—————-
THN Public Media
